မော်လမြိုင် ၊ အောက်တိုဘာ (၁၄)

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပထမအကြိမ်ဆန္ဒမဲပေးမယ့် လူငယ်တွေကို စနစ်တကျမဲပေးတတ်အောင် ပေါင်မြို့နယ်မှာ သင်တန်းတွေ ပို့ချပေးနေပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ဆန္ဒမဲပေးခွင့်ရှိသူ (၁၈)သိန်းနီးပါးရှိပြီး အာ့ဒီအထဲမှာ ပထမဆုံးအကြိမ် ဆန္ဒမဲပေးမယ့် လူငယ် (၁)သိန်းကျော် ပါဝင်နေတာပါ။

အခုလို ပထမဆုံးအကြိမ် ဆန္ဒမဲပေးမယ့် လူငယ်တွေကို ပယ်မဲ ခိုင်လုံမဲနဲ့ပတ်သက်တာတွေ၊ ပယ်မဲ မဖြစ်အောင် စနစ်တကျ မဲပေးနည်းတွေကို လက်တွေ့ သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

“ဒီအစီအစဉ်ကတော့ အဓိကတော့ ပထမဆုံးအကြိမ်မဲပေးမယ့်လူငယ်တွေပေါ့နော်၊ ဒီ ၂၀၂၀ မှာ မဲပေးမယ့် လူငယ်ကို အဓိကထားပြီး လုပ်ပေးတာပါ၊ သူတို့က မဲပေးပုံ မဲပေးနည်းမသိဘူး၊ မဲပုံးဘယ်နှစ်ပုံး ပေးရမလဲ မသိဘူး၊ ပြီးတော့ ပယ်မဲခိုင်လုံမဲတွေရယ်၊ ပယ်မဲမဖြစ်အောင် စနစ်တကျဘယ်လိုပေးမလဲ၊ သေသေချာချာပေး တက်ဖို့ရယ်၊ နောက်ပြီး ဒီကိုဗစ်ကာလမှာ မဲပေးတာနဲ့ပတ်သက်ပြီး Social Distance ရှိမယ်၊ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ပြောပြပေးတာရှိတယ်၊ ပြီးတော့ ညီမတို့ဆီမှာဆိုရင် မဲရုံပုံစံငယ်တွေ တကယ်တမ်းမဲပေးတဲ့အခါမှာ လွယ်ကူစေဖို့ လုပ်ထားပေးတယ်၊ သူတို့တွေ သေသေချာချာသိသွားအောင် သေချာလုပ်ထားပေးတယ်”လို့ သင်တန်းနည်းပြ မနှင်းရွှေရည်ဝိုင်း ပြောပါတယ်။

ယခုသင်တန်းကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေတွေကြောင့် လူဦးရေအကန့်အသတ်နဲ့ လူအယောက် ၂၀ ကိုသာ ၂ ရက်ကြာ သင်ကြားပေးနေပါတယ်။

အဲဒီအပြင် ဒီသင်တန်းကနေ သင်ကြားထားတာတွေကို မိမိဒေသပတ်ဝန်းကျင်က လူငယ်တွေနဲ့ မဲပေးမည့်သူအားလုံးကို ပြန်လည်မျှဝေပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“ အဲဒါကိုလည်း ဦးတည်ချက်ထားထားပါတယ်၊ သူတို့ကို ဒီကနေတဆင့် ကိုယ်ရဲ့ရပ်ရွာပတ်ဝန်းကျင်ရောက် သွားတဲ့ အခါကျရင် ကိုယ့်လိုမျိုးပဲ သူတို့ရဲ့ပတ်ဝန်ကျင်ကျေးရွာရပ်ကွက်ပေါ့နော်၊ မဲပေးတဲ့အခါ ဘယ်လိုပေးရလဲ စနစ်တကျပေးဖို့၊ လက်ရှိကိုဗစ်-၁၉ အခြေအနေအရ စနစ်တကျမဲပေးတက်ဖို့ရော၊ အကုန်လုံးပေါ့၊ ပြန်လည်း ရှယ်ပေးဖို့ ပြောကြားထားပါတယ်”လို့ မနှင်းရွှေရည်ဝိုင်းက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ မွန်ပြည်နယ်အတွင်းမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအပြင် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်း (၃၀၂) ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.