သြဂုတ် ၂၇၊ ၂၀၂၀

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းမှာရှိတဲ့ သံလွင်မြစ်၊ အတ္ထရံမြစ်နဲ့ ဂျိုင်းမြစ်တို့မှာ ဖမ်းနေတဲ့ ငါးဖမ်းပိုက်ချက်တွေကို လေလံတင်ရောင်းချခဲ့ရာ အခွန်ငွေ ကျပ်သိန်း ၆၃၀၀ ကျော်ရရှိတယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်နယ်အတွင်းက ငါးဖမ်းပိုက်ချက် ၁၁၃ ချက်ကို သြဂုတ်လ ၁၁ ရက်နေ့က လေလံစတင်ရောင်းချခဲ့ပြီး ၅ ကြိမ်တိုင် ရောင်းချအပြီးမှာတော့ ပိုက်ချက် ၈၉ ချက် လေလံအောင်ခဲ့ပြီးတော့ အခွန်ငွေကျပ်သိန်းပေါင်း ၆၃၀၀ ကျော် ရရှိခဲ့တာဖြစ်ပါတယ်။

Covid-19 ကူးစက်ရောဂါကြောင့် မွန်ပြည်နယ် ငါးစျေးကွက်ပျက်နေသည့်အနေအထားမှာ ငါးလုပ်ငန်းရှင်တွေ ငါးဖမ်းပိုက်ချက်တွေကို အပြိုင်အဆိုင်မဝယ်ယူကြတဲ့အတွက် လေလံရောင်းရငွေဟာ မနှစ်ကနဲ့စာလျှင် လျော့ကျသွားခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ငါးဖမ်းပိုက်ချက်လေလံရောင်းချမှုကနေ အခွန်ငွေ ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ရှိခဲ့ပေမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ကျပ်သိန်း ၆၄၀၀ နီးပါးပဲ ရရှိခဲ့ပါတယ်။

“Covid-19 ကပ်ရောဂါကြောင့် တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတဲ့ ငါးပုတ်သင်စျေးကွက်ရပ်တန့်နေတဲ့အတွက် ရေလုပ်သားတွေ ရေလုပ်ငန်းရှင်တွေ ပြည်တွင်း စားသုံးမှုအတွက်ကိုပဲ အဓိကအားထားလာရတဲ့အတွက် တင်ဒါဝယ်သူတွေကလည်း သတ်မှတ်ကြမ်းခင်းစျေးကျော်လွန်ရုံမျှ စျေးနှုန်းအပါအဝင် မျှတတဲ့ ယှဉ်ပြိုင်မှုအနေနဲ့သာ စျေးပြိုင်ဝယ်ယူခဲ့ကြတာကို တွေ့ရတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ ပိုက်ချက် ၂၄ ချက်ကိုလည်း ဆက်လက်၍ ညှိနှိုင်းရောင်းချပေးသွားမယ်လို့လည်း ဆိုပါတယ်။

“ကျန်တဲ့ ၂၄ ချက်ကိုတော့ ကြမ်းခင်းစျေးသတ်မှတ်ပြီးတော့ ရောင်းတော့မှာမဟုတ်ဘူး ကျွန်တော်တို့ ငါးလုပ်ငန်းကော်မတီကပဲ ရသင့်ရထိုက်တဲ့ စျေးနှုန်းတစ်ခုလောက်နဲ့ open ပဲ ရောင်းမယ်၊ စျေးနည်းလွန်းလို့ မရောင်းရခဲ့တာ ဒါမှမဟုတ် ဝယ်တဲ့လူမရှိတော့ဘူးဆိုရင် ပိတ်သိမ်းမှာပေါ့နော်” ဟု ဝန်ကြီးက ပြောပါတယ်။

Covid-19 ကူးစက်ရောင်ကြောင့် မွန်ပြည်နယ် ငါးစျေးကွက်ပျက်ပြီးတော့ ရေလုပ်သားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ရေလုပ်သားတွေနဲ့ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ဒီနှစ်က Covid ကြောင့် ငါးတွေ တရုတ်ကိုပို့လို့မရတော့ ငါးစျေးတွေ ကျသွားတော့ အားလုံးက အခက်အခဲဖြစ်ကြတယ်၊ ဒီလိုအခြေအနေမှာ ငါးလုပ်ငန်းရှင်တွေ လေလံစွဲကြဖို့ တွန့်ကြတယ်လေ ခါတိုင်းလို စျေးအပြိုင်အဆိုင်နဲ့ မရှိဘူး ဒီနှစ်က” ဟု ရေလုပ်သား ဦးအေးခိုင်က ပြောပါတယ်။

တင်ဒါပိုက်ချက်တွေကို ရောင်းချဖို့အတွက် ကြမ်းခင်းစျေး သတ်မှတ်ရာတွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က လေလံတင်ရောင်းချခဲ့တဲ့ ပိုက်ချက်တစ်ချက်ချင်းစီရဲ့ ရငွေမှ ၁၀ ရာခိုင်နှုန်း တိုးပြီး သတ်မှတ်ရောင်းချတယ်လို့ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.