မော်လမြိုင် ၊ ဩဂုတ် ၁၇

မွန်ပြည်နယ်မှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဩဂုတ်လ (၁၇)ရက်နေ့အထိ လာရောက်လျှောက်ထားသူ မရှိသေးဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသူတွေအနေနဲ့ ကော်မရှင်အဖွဲ့ခွဲမှာ ဇူလိုင်လ (၇)ရက်နေ့ကနေ အောက်တိုဘာလ (၁၅)ရက်နေ့အထိ လာရောက်လျှောက်ထားနိုင်ပါတယ်။

ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးစောင့်ကြည့်လေ့လာမယ့်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားရမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အလိုက် စောင့်ကြည့်မယ့်အဖွဲ့တွေက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေမှာ တင်ပြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်  သြဂုတ်လ (၁၇) ရက်နေ့အထိ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့ မွန်ပြည်နယ်မှာ လျှောက်ထားသူ မရှိသေးဘူးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

“ဘယ်သူမှ ဆက်သွယ်လာခြင်းမရှိသေးဘူး၊ မြို့နယ်တွေမှာလည်း အဲဒါတွေလုပ်ဖို့ အကုန်လုံး ညွှန်ကြားထားတာ တစ်လတောင်ရှိနေပြီး ဇူလိုင်လ (၇) ရက်နေ့ကတည်းက လက်ခံလို့ရတယ်၊ လက်ခံဆောင်ရွက်ဖို့ ဘယ်သူမှမလာကြသေးဘူး” လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပ  စောင့်ကြည့်လေ့လာသူတွေမရှိရင် ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ လွတ်လပ်မှု မရှိမှာကို နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပါတယ်။

“စောင့်ကြည့်အဖွဲ့တွေ မရှိလို့မရဘူး၊ စောင့်ကြည့်ရေးအဖွဲ့ကတော့ လိုအပ်တယ် ဘာလို့လဲဆိုရင် ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်၍သော်လည်းကောင်း မဲရုံမှာ လက်ရှိလုပ်နေတဲ့ တာဝန်ရှိသူတွေရဲ့ မသမာမှုကိုသော်လည်းကောင်း ပြည်သူတစ်ယောက်ချင်းစီရဲ့ မဲပေးနိုင်မှု အသိအမြင်တွေကို ဒီအဖွဲ့တွေကပဲ သုံးသပ်တယ်”လို့ မွန်ပြည်နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးဖေသောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်မှာ ပြည်နယ်အဆင့်  ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေရှိသလို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကခွင့်ပြုပေးထားတဲ့ နိုင်ငံတစ်ဝှမ်း စောင့်ကြည့်လေ့လာသူတွေလည်း ရှိခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့  မွန်ပြည်နယ်အတွင်း စောင့်ကြည့်လေ့လာတဲ့အဖွဲ့ (၁၀) ဖွဲ့ကျော်နဲ့ လူအင်အား ၄၀၀ ကျော်က  စောင့်ကြည့်လေ့လာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့နယ်အဆင့် စောင့်ကြည့်လေ့လာသူတွေမှာ နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့တွေဖြစ်တဲ့ EU အဖွဲ့၊ ကာတာစင်တာ အဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူက (၁၇)သိန်းကျော် ရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.