မော်လမြိုင် ၊ ဩဂုတ် ၁၂

မွန် ၊ ကရင် ၊ တနင်္သာရီဒေသက မွန်အမျိုးသားကျောင်းတွေရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားလာစေဖို့အတွက် စီမံချက်တွေ ရေးဆွဲသွားမယ်လို့ မွန်အမျိုးသားပညာရေး ကော်မတီတာဝန်ခံ ဆရာမင်းအောင်ဇေက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်အမျိုးသားကျောင်းမှ ကျောင်းသူကျောင်းသား ၁၄၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးသာ အောင်မြင်ခဲ့တာပါ။

မွန်အမျိုးသားကျောင်းတွေရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ဟာ နှစ်စဉ်ကျလာတဲ့အတွက် အခုလို စီမံချက်တွေ ရေးဆွဲဖို့ လိုအပ်နေပြီးလို့ ဆိုပါတယ်။

“ဘာကြောင့် အောင်ချက်ကျရတာလဲဆိုတော့ ခြုံပြီးပြောရရင် ကျောင်းအုပ်ချုပ်ရေးပိုင်း အားနည်းချက ရှိတယ်။ နောက်တစ်ခုက ဆရာ ဆရာမတွေက အတွေ့အကြုံ မရှိဘူး တချို့ဆို ကျောင်းမပြီးသေးဘူး ။ စာအုပ်ကြည့်ပြီးသင်တယ် မရတာတော့ မဟုတ်ဘူး ဒါပေမယ့် အခုလို ဖြစ်တယ်။ဒါတောင် တက္ကသိုလ်က ဝါရင့်ဆရာတွေကိုခေါ်ပြီး သင်တန်းပေးခဲ့တာ နောက်တစ်ခုက ကျောင်းသားတွေ အခြေမခိုင်ခဲ့တာလဲပါတယ်”လို့ ဆရာမင်းအောင်ဇေက ပြောပါတယ်။

ဒါကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်ကစပြီး မွန်အမျိုးသားပညာရေးဌာနက စီမံချက်တွေ ရေးဆွဲသွားပြီး အပြောင်းအလဲ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

မွန်အမျိုးသားကျောင်းတွေဟာ မိခင်ဘာသာစကား အခြေပြုသင်ကြားနေတာဖြစ်ပြီး အထက်တန်းကျောင်း ၃ ကျောင်းအပါအဝင် ကျောင်းပေါင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသူကျောင်းသား တစ်သောင်းကျော်က ပညာသင်ကြားနေတာပါ။

မွန်ပြည်နယ်အနေနှင့်လည်း ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ယခင်နှစ်တွေထက် အောင်ချက်ကျခဲ့ပြီး မြန်မာနိုင်ငံရဲ့ တတိယနေရာကို ရရှိခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.