မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေက quarantine center

ရေး ၊ ဩဂုတ် ၃

ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်တဲ့ အချိန်အထိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ quarantine center တွေ ဖွင့်လှစ်သွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့က မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွေမှာ quarantine centre ၁၂ နေရာ၊ အပူချိန် တိုင်းတာစစ်ဆေးခြင်းနဲ့လူအဝင်အထွက် စစ်ဆေးရေးဂိတ် ၁၈ နေရာဖွင့်လှစ်ပြီး စစ်ဆေး ကြပ်မတ်နေတာပါ။

လက်ရှိမှာတော့ ထိန်းချုပ်နယ်မြေအတွင်းမှာ quarantine centre (၁၀) ခုသာ  ကျန်ရှိပြီး ဒါတွေကိုတော့ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ချိန်အထိ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

“ထိန်းချုပ်နယ်မြေအတွင်းပိုင်း အဓိကကျတဲ့နေရာတွေလောက်ကိုပဲ စစ်ဆေးနေပါတယ်၊ အပြင်ပိုင်းကျတော့ သွားလာမှုစောင့်ကြည့်တာတွေလုပ်နေဆဲပါ၊ ကြာအင်းဆိပ်ကြီးမှာ ၅ နေရာ၊ ဗဟိုဝန်းကျင်ဒေသမှာ ၄ နေရာ၊ ရေဖြူမှာ ၂ နေရာရှိတယ်၊ ကိုဗစ်ကာလမပြီးမဆုံးချင်း စောင့်ကြည့်စစ်ဆေးဆေးရေးစခန်းတွေကို ဒီအတိုင်းပဲ ဆက်လက်ထားရှိသွားမယ်လို့ ဆုံးဖြတ်ထားတယ် ‘‘ လို့ နိုင်ဗညားလယ်က ဆိုပါတယ်။

ပြည်တွင်းပြည်ပကနေ ရေးမြို့နယ်အတွင်းကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း အမြောက်အများရှိတာကြောင့် အခုလို quarantine စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေ ထားရှိဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ရေးက ဝင်ပေါက်များတယ်၊ အကန့်အသတ်အတားအဆီးကမရှိရင် ဝင်လာနိုင်တဲ့အနေအထားတွေကရှိနေတော့ ကြပ်မတ်မှုတွေကတော့ မပြတ်တမ်းလုပ်နေဖို့ လိုနေဦးမှာပဲ၊ ဒီရောဂါကလည်း ခုထိတိုးနေတာကို နေ့တိုင်းသတင်းမှာ ဖတ်နေရတယ် ”လို့ ရေးချောင်းဖျားဒေသနေ နိုင်လှစံက ဆိုပါတယ်။

ဒါ့အပြင် ထိန်းချုပ်နယ်မြေထဲမှာ စားနပ်ရိက္ခာပြတ်လတ်မှုတွေရှိခဲ့တာကြောင့် နိုင်ငံတော်ရဲ့ ဒုတိယအကြိမ် ငွေကြေးထောက်ပံ့မှုမှာ ရေးချောင်းဖျားဒေသက အိမ်ထောင်စု ၃၅၀၀၊ နဲ့ တနင်္သာရီတိုင်း ရေဖြူမှာရှိတဲ့ အိမ်ထောင်စု ၄၀၀ ကျော် အတွက် ထောက်ပံ့ငွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပေးဖို့နဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ အသွားအလာကန့်သတ်တာတွေကို နားလည်ပေးကြဖို့ မွန်ပြည်သစ်ပါတီက မေတ္တာရပ်ခံ ထားပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.