သံဖြူဇရပ်မြို့အနီး လမ်းရေကျော်နေစဉ်

သထုံ၊ ဩဂုတ် ၃

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ မြေပြိုမှုနဲ့ လမ်းရေကျော်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ်လ (၂) ရက်နေ့နဲ့ (၃) ရက်နေ့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် သထုံမြို့ မြသပိတ်တောင်တက် ကားလမ်း မြေပြိုခဲ့တဲ့အပြင် မုဒုံ- သံဖြူဇရပ်ကားလမ်းနဲ့ သထုံ – ဘားအံ ကားလမ်းတို့မှာ လမ်းရေကျော်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သထုံမြို့နယ်အတွင်းမှာတော့ သစ်ပင်လဲကျတာနဲ့ မြေပြိုမှု ဖြစ်ပွားခဲ့တဲ့နေရာတွေကို ယနေ့ နေ့လည်အချိန်မှာ ရှင်းလင်းရေးလုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးသွားပြီလို့ သထုံခရိုင်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးအောင်ကြင်ထွန်းက ပြောပါတယ်။

“မိုးကြီးတော့ ညက မြသပိတ်တောင်တက်ကားလမ်းမပေါ်ကို မြေပြိုကျခဲ့တဲ့နေရာတွေ၊ နောက်ဆေးရုံကြီးနားမှာ သစ်ပင်ကျိုးကျပြီး မီးကြိုးနဲ့ မလွတ်ကင်းတဲ့ဟာတွေလည်း ဒီနေ့ နေ့လည်လောက်မှာ အားလုံးရှင်းလင်းပြီးသွားပြီ”လို့  ဆိုပါတယ်။

မနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် သထုံမြို့‌ပေါ်ရှိ၊ လိပ်အင်း၊ နန်းခဲရပ်ကွက်က လမ်းအချို့နဲ့ နေအိမ်ခြံဝင်း အတွင်းကို ရေ ၁ ပေခန့်ဝင်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင်  သထုံ-ဘားအံ ကားလမ်း၊ မိုင်တိုင်အမှတ်(၄/၃)နှင့် (၄/၄)အကြားက ကားလမ်းအနိမ့်ပိုင်းတွေမှာ ရေကျော်ခဲ့တာကြောင့် ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာမှုကို ခေတ္တပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

“ညက အဓိက မိုးအရမ်းများပြီး မြို့ပေါ်ရပ်ကွက်အချို့မှာ ရေဝင်တာပါ၊ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်တွေ၊ လူမှုရေးအသင်းတွေ အခြားအဖွဲ့တွေနဲ့ အသင့်အနေအထားနဲ့ စောင့်ကြည့်နေကြပါတယ်။ ခဏပါပဲ မိုးသိမ့်တော့ ရေတွေလည်း အကုန်ပြန်ကျသွားတယ်။ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်တော့ အားလုံးအဆင်ပြေပြေပါပဲ။” ဟု ဦးအောင်ကြင်ထွန်းက ဆက်လက်ပြောပါတယ်။

မော်လမြိုင် – သံဖြူဇရပ်ကားလမ်း နှီးပဒေါကျေးရွာအနီးမှာတော့ ရေကျော်နေဆဲဖြစ်ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာဌာနတွေက ကားသွားဖို့ အဆင်ပြေအောင် ကူညီပေးနေတယ်လို့ သိရပါတယ်။

မြေပြိုတာတွေနဲ့လမ်းရေကျော်မှုဖြစ်ပွားတဲ့နေရာတွေမှာ သက်ဆိုင်ရာဌာနတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေက ကူညီဆောင်ရွက်နေပြီး အခုချိန်ထိ လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိသေးဘူးလို့ သိရပါတယ်။

သတင်း – နွန်နွန်

ဓာတ်ပုံ – ဦးကျော်ဝင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.