မော်လမြိုင် ၊ ဩဂုတ် (၂)
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ မွန်ပြည်နယ်က NLD ကိုယ်စားလှယ်လောင်းအချို့ အပြောင်းအလဲရှိမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က အတည်ပြု ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း (၁၁၃၁) ဦး အမည်စာရင်းကို ဇူလိုင်လ (၂၃) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလိုကြေညာပြီးနောက်မှာ ဝေဖန်ကန့်ကွက်မှုတွေ ရှိခဲ့တာကြောင့် မွန်ပြည်နယ် ၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတို့အပါအဝင် အခြားတိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်လောင်း (၁၂) ကို ပြောင်းလဲဖို့ စီစဉ်ခဲ့တာပါ။
“ မွန်ပြည်နယ်မှာလည်း ကိုယ်စားလှယ်လောင်းပြောင်းဖို့ ရှိပါတယ်။ ကျွန်တော်ဆီကို စာမလာသေးဘူး ။ ပြည်နယ်ကို စာပို့မယ်ပြောတယ်။ အဲ့စာရောက်မှပဲ ကျွန်တော် တိတိကျကျ ပြောနိုင်မယ်လို့” အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က အတည်ပြု ပြောဆိုပါတယ်။
ဝေဖန်မှုတွေရှိနေတဲ့ ချောင်းဆုံမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာကိုတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က သတင်းဌာနတွေကို ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။
ပါတီကနေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတစ်ချို့ကို ဒေသခံ ပါတီဝင်တွေနဲ့ ပါတီဝင်မဟုတ်တဲ့ NLD ထောက်ခံသူတွေက လက်မှတ်ရေးထိုးပြီး ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ကိုယ်စားလှယ်လောင်းအများစုကို ထောက်ခံသူတွေအပြင် ပါတီတွင်းမှာပဲ ကန့်ကွက်၊ တိုင်ကြားတာတွေ အများအပြား ရှိခဲ့တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်တွေကို အမှာ စကားပြောကြားသွားဖို့ ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်