ပေါင်၊ ဩဂုတ် ၂
သထုံခရိုင်၊ ပေါင်မြို့ မိုးနိုင်းရပ်ကွက် မြိုင်သုခလမ်းက နေအိမ်တစ်လုံးမှာ ဩဂုတ်လ (၁) ရက် ညပိုင်းမှာ ငွေသားသိန်း ၁၈၅ ကျပ်ခန့်နဲ့ ရွှေ(၈) ကျပ်သား ခန့် ဖောက်ထွင်းခံခဲ့ရတယ်လို့ မိုးနိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ညနက်ပိုင်းမှာ မြိုင်သုခလမ်းနေ ဒေါ်တင်မိုးမိသားစုဟာ နေအိမ်အောက်ထပ်မှာ အိပ်ပျော်နေစဉ် နေအိမ်နောက်ဖေးဘက် သွပ်မိုးထားသောနေရာမှ အသံကြားသဖြင့် လန့်နိုးပြီး ဘေးပြတံတင်းပေါက်အားဖွင့်ကြည့်ရာ မျက်နှာကို မွန်လုံချည်ဖြင့် အုပ်ထားသော လူတစ်ဦးအား တွေ့ရသဖြင့် သူခိုးဟုအော်ဟစ်ခဲ့ရာ ထိုသူမှာ နေအိမ်ပေါ်မှ ခုံဆင်းခဲ့ပြီးနောက် နေအိမ်အောက်မှာ အသင့်စောင့်နေသော လူတစ်ဦးနှင့်အတူ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
နေအိမ်အပေါ်ထပ်က ဗီဒိုကို သွားရောက် ကြည့်ရှုရာမှာတော့ ငွေသား(၁၈၅)သိန်းခန့်နှင့် ရွှေ(၈)ကျပ်သားခန့် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
“အိမ်ရှင်တွေက အိမ်အောက်မှာ အိပ်တယ်။ ပစ္စည်းတွေက အပေါ်ထပ်မှာထားပြီး ဖောက်တဲ့သူက တစ်ဖက်လူမနေတဲ့အိမ်ကနေ ကျော်တက်ပြီးတော့ အပေါ်ထပ်က ပစ္စည်းတွေဝင်ယူသွားတယ်လို့ သိရတယ်။ အိမ်ရှင်ကတော့ ဖောက်ထွင်းပစ္စည်းယူသွားတဲ့သူကို ပုံစံမြင်လိုက်ပေမယ့် အိမ်ပေါ်တက်ယူတဲ့သူက မွန်လုံချည်ကို မျက်နှာအုပ်ထားတော့ မျက်နှာကို သေချာမမြင်လိုက်ရဘူး။ အောက်ဘက်မှာက တစ်ယောက်စောင့်နေတယ်သူကလဲမှောင်နေတော့ သေချာမမြင်ရဘူးပြောတယ်။ ၂ ယောက်စလုံးက လူငယ်ပုံစံတွေလို့တော့ပြောတယ်”ဟု မိုးနိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘရှင်းကပြောပါတယ်။
ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး ပေါင်မြို့မရဲစခန်းမှ (ပ) ၄၁၈ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ထားပြီး တရားခံများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။
သတင်း-နွန်နွန်