မဲစာရင်းကြည်ဖို့ မွန်လူငယ်အဖွဲ့မှ လိုက်လံနှိုးဆော်

ရေး ၊ ဇူလိုင် (၃၁)

ပထမအကြိမ် ဆန္ဒမဲပေးမယ့်လူငယ်တွေ မဲစာရင်းလာကြည့်ဖို့နဲ့ ရွေးကောက်ပွဲမှာ မဖြစ်မနေမဲပေးဖို့ ရေးမြို့နယ်အခြေစိုက် မွန်လူငယ်အဖွဲ့က လိုက်လံနှိုးဆော်နေပါတယ်။

မဲဆန္ဒရှင် စာရင်းကပ်ပြီး (၇)ရက်ကြာအထိ ရေးမြို့နယ်မှာ မဲစာရင်းလာကြည့်သူ (၅၀) ရာခိုင်နှုန်း မပြည့်သေးဘူးလို့ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေက ပြောပါတယ်။

ဒါကြောင့် လူငယ်တွေ မဲစာရင်းလာကြည့်အောင် နှိုးဆော်နေတာဖြစ်ပြီး သတ်မှတ်ရက် မပြည့်မချင်း လိုက်လံ နှိုးဆော်သွားအုံးမယ်လို့ ဆိုပါတယ်။

“မဲပေးဖို့ မဲစာရင်းမှာ မိမိရဲ့အချက်အလက်မှန် / မမှန်အရင်ဦးဆုံးလာရောက်စစ်ဆေးဖို့ မှားယွင်းတာတွေရှိရင်လည်း အချိန်မှီပြန်လည်ပြင်ဆင်ဖို့ ကျေးရွာတွေအရောက်အသိပညာပေး ပန်းဖလက်တွေနဲ့ လိုက်လံနှိုးဆော်ပေးနေပါတယ်” လို့ မွန်လူငယ်အဖွဲ့ခေါင်းဆောင် မင်းစိုးသိမ်းက ပြောပါတယ်။

ဒါ့အပြင် ရပ်ရွာတိုးတက်ရေးအတွက် လူငယ်တွေက ကိုယ်ရွေးချယ်ချင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို မဖြစ်မနေ ဆန္ဒမဲ သွားပေးဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

“နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့နဲ့ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ကို မိမိကိုယ်တိုင် ရွေးချယ်နိုင်ဖို့က No Vote မလုပ်ဘဲ မဖြစ်မန မဲပေးကြဖို့ လူငယ်တွေကို တိုက်တွန်းချင်တယ် ” လို့ မင်းစိုးသိမ်းက ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ  စတင်ဆန္ဒမဲပေးမယ့် လူငယ် တစ်သိန်းကျော်ရှိပြီး ရေးမြို့နယ်က လူငယ် သုံးသောင်းကျော် ပါဝင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း- ရဲနိုင်

ဓာတ်ပုံ – st

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.