ကျိုက်ထို၊ စက်တင်ဘာ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်တက်ယာဉ်လိုင်းတွင် ကင်ပွန်းစခန်းဒေသခံများ ပိုင်ဆိုင်သည့် ယာဉ်အစီး ၃၀ အား သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျိုက်ထီးရိုးဆံတော်ရှင် ပွဲတော်ချိန်အမီ ပြေးဆွဲခွင့်ရန် စက်တင်ဘာလ ၁၀ ရက်နေ့က နိုင်ငံတော်သမ္မတထံ ၁၃ ကြိမ်မြောက် အသနားခံစာတင်လိုက် ကြောင်း ကင်ပွန်းစခန်းဒေသခံ ယာဉ်ပိုင်ရှင်များအဖွဲ့မှ သိရသည်

“သမ္မတ ဦးထင်ကျော်လက်ထက်မှာ ၁၀ ကြိမ်နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့်လက်ထက်မှာ နှစ်ကြိမ်တင် ထားတယ်။ အခုတစ်ကြိမ်ပါဆိုရင် ၁၃ ကြိမ်ရှိပြီ”ဟု ကင်ပွန်းစခန်းဒေသခံ ယာဉ်ပိုင်ရှင်များအဖွဲ့မှ ဦးစိုးကိုကို ချစ်က ပြောသည်။

ကျိုက်ထီးရိုးတောင်တက်ယာဉ်လိုင်းတွင် ကင်ပွန်းစခန်းဒေသခံများ ပိုင်ဆိုင်သည့် ယာဉ်အစီး ၃၀ ပြေး ဆွဲခွင့်ပေးရန် ၂၀၁၆ ခုနှစ် ကတည်းက သက်ဆိုင်ရာအဆင့်ဆင့်ထံ တင်ပြခဲ့ကြောင်း ကင်ပွန်းစခန်းဒေသခံ ယာဉ်ပိုင်ရှင်များက ပြောသည်။

ကျိုက်ထီးရိုးတောင်တက်ယာဉ်လိုင်းတွင် ကင်ပွန်းစခန်းဒေသခံများ ပိုင်ဆိုင်သည့် ယာဉ်အစီး ၃၀ ပြေး ဆွဲမည့် ယာဉ်များ၏ ပိုင်ရှင်များသည် ကင်ပွန်းစခန်းဒေသခံ ဟုတ်၊ မဟုတ်ကို ကျိုက်ထိုမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစီးသော အဖွဲ့မှ ယခုနှစ်တွင် လာရောက် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ကင်ပွန်း စခန်းဒေသခံ ယာဉ်ပိုင်ရှင်များအဖွဲ့မှ ဦးကျော်မင်းဦးက ပြောသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်များ တစ်နှစ်ထက် တစ်နှစ် ပိုမိုလာရောက်ကြသဖြင့် လက်ရှိပြေးဆွဲနေသော တောင်တတ်မော်တော်ယာဉ် အစီး ၁၅၀ ဖြင့် လုံလောက်မှုမရှိ ကြောင်း ကင်ပွန်းချောင်းနယ်မြေရဲစခန်းမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလက ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြထားသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ၂၀၁၅ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် ၂၀၉၆၇၆၀ ဦး၊ ၂၀၁၆ ခုနှစ် ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် ၂၄၀၄၉၉၄ ဦး၊ ၂၀၁၇ ခုနှစ် အောက်တို ဘာလ ၂၃ ရက်နေ့ထိ ၁၈၆၁၃၉၃ ဦး လာရောက်ကြကြောင်း သိရသည်။

သတင်းနှင့် ဓါတ်ပုံ – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.