ဒီအချိန်မှာ လွှတ်တော်နဲ့ အစိုးရအကြား ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်အတွက် စီမံကိန်းတွေ၊ လုပ်ငန်းတွေဆွေးနွေးနေကြတဲ့ ကာလဖြစ်ပါတယ်။
ဒီနေရာမှာ အသံအထွက်ဆုံးကတော့ ရန်ကုန်တိုင်းလို့ ပြောရမှာပါ။ ကိုယ်တွေကတော့ မွန်ပြည်နယ်ကို တစိုက်မတ်မတ်လေ့လာနေဖြစ်လို့ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က နီးစပ်နေတယ်လို့ ပြောရမှာဖြစ်တယ်။
ဒါပေမယ့်စိတ်ဝင်စားမိတာက အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးတွေကရော ဘာလို့ အသံမထွက်နေသလဲဆိုတာကိုပေါ့။ ဆင်ခြင်မိတဲ့ အကြောင်းသုံးခုကို တင်ပြဆွေးနွေးချင်ပါတယ်။
(၁) ဘာမှ ဆွေးနွေးစရာ မလိုလောက်အောင် စင်းလုံးချောနေတာလား
(၂) သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုက အားနည်းနေလို့လားပေါ့။
(၃) နိုင်ငံသားတွေရဲ့ စိတ်ဝင်စားမှုကရောဘယ်လိုလဲ
(၁) ဘာမှ ဆွေးနွေစရာမလိုလောက်အောင် စင်းလုံးချောနေစရာတော့မရှိပါဘူး။ အဓိကအားဖြင့်တော့ နှစ်အလိုက်မတူညီတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကွဲပြားမှုကတော့ရှိမှာပါ။ မြန်မာနိုင်ငံလိုမျိုး အင်မတန်လိုအပ်ချက်ရှိနေတဲ့ နိုင်ငံအတွက် ဘဏ္ဍာငွေတွေ၊ လုပ်ငန်းတွေပြင်ဆင်တဲ့နေရာမှာ လိုအပ်ချက်ကို ရှိနေမှာပါ။ အရေးကြီးတာက ဘယ်လိုမူဝါဒကို အခြေခံပြီး ဘဏ္ဍာငွေတွေစီစဉ်တယ်။ ဘက်ဂျက်တွေပြင်ဆင်သလဲဆိုတာပဲဖြစ်ပါတယ်။
(၂) သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုအားနည်းနေတာကတော့ ဖြစ်နိုင်ချေများပါတယ်။ အထူးသဖြင့် ဗဟိုနဲ့ ဝေးလေ ဖိအားနည်းလေသဘောပဲဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးဧရိယာကတော့ မီဒီယာများတဲ့အတွက် ဘဏ္ဍာရေးကိစ္စ၊ လုပ်ငန်းကိစ္စတင်ပြတဲ့အခါမှာ ပိုမိုတင်ပြနိုင်သလို သုံးသပ်ချက်တွေလည်း ဖတ်ရနိုင်ပါတယ်။ သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးတွေရဲ့ မီဒီယာအားနည်းမှုတွေကြောင့် သတင်းဖော်ပြမှုတွေနည်းနိုင်ပါတယ်။ အထူးသဖြင့် ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးအချို့က ဘဏ္ဍာရေးနှင့် လုပ်ငန်းသတင်းတွေ၊ သုံးသပ်ချက်တွေဆိုရင် သတင်းစာမျက်နှာတွေအပေါ် ရောက်ရှိမှုနည်းပါတယ်။
(၃) နိုင်ငံသားတွေ ဘယ်လောက်စိတ်ဝင်စားသလဲဆိုတာကိုက အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စပါ။ စစ်တမ်းကောက်ယူချက်တွေမရှိတော့ အတိအကျမပြောနိုင်ပါဘူး။ အစိုးရက နှစ်တစ်နှစ်အတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ဖို့ ရန်ပုံငွေတွေ၊ လုပ်ငန်းတွေပြင်ဆင်တဲ့ကိစ္စဟာ အဲ့ဒီနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသားတွေအတွက် အရေးအကြီးဆုံးလုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။
ဒီအရာတွေဟာ နိုင်ငံသားတွေ မဖြစ်မနေဆွေးနွေးနေသင့်တဲ့ အရာတွေပဲဖြစ်ပါတယ်။ ဝမ်းသာစရာ ကိစ္စကတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ကားဝယ်စီးမယ့်ကိစ္စကတော့ ပြည်သူတွေအကြားထဲမှာ ဟော့ဖြစ်နေခဲ့ပါတယ်။ သို့သော် ကားဝယ်စီးခြင်းရဲ့ နောက်ကွယ်မှာ လမ်းတွေ ဘယ်လိုဖောက်မယ်ဆိုတဲ့ဖြစ်ရပ်တွေ၊ တံတားတွေဘယ်လိုဆောက်မယ်ဆိုတဲ့ ကိစ္စတွေ၊ အားကစားကဏ္ဍဖွံ့ဖြိုးဖို့လိုတဲ့အရာတွေ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးဖို့ အကြောင်းခြင်းရာတွေ အပြင် ဘဏ္ဍာငွေနဲ့ လုပ်ငန်းရဲ့ ကျောရိုးဖြစ်တဲ့ မူဝါဒအခြေခံမှုတွေကို နိုင်ငံသားတွေ၊ လေ့လာသုံးသပ် သူတွေဘက်က ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေသင့်တယ်လို့မြင်ပါတယ်။
နိုင်ငံသားတွေဟာ နိုင်ငံအုပ်ချုပ်မယ့် အစိုးရတွေအတွက် မူဝါဒနဲ့ လုပ်ဆောင်နိုင်မှု၊ ကတိကဝတ်တွေ အပေါ်အခြေခံပြီး မဲပေးရွေးချယ်ကာ နိုင်ငံကို အုပ်ချုပ်စေတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ငါးနှစ်တာကာလ တာဝန်ယူမယ့် အစိုးရတွေရဲ့ မူဝါဒပြောင်းလဲမှု၊ ဘဏ္ဍာငွေသုံးစွဲမှု၊ စီမံကိန်းလျာထားမှုတွေကို စိစစ်မေးခွန်းထုတ်ဖို့ လိုနေသလို ကတိပြုတဲ့မူဝါဒအပေါ်အခြေခံခြင်းရှိ/မရှိကိုလည်း မေးခွန်းထုတ်နေရမှာဖြစ်ပါတယ်။
အစိုးရတွေပြင်ဆင်တဲ့ ဘဏ္ဍာငွေတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေသာ သိရမှာမဟုတ်ပဲ နိုင်ငံသားတွေက သိရမှာဖြစ်သလို သတင်းမီဒီယာတွေ၊ ကျွမ်းကျင်သူတွေက လေ့လာအကဲဖြတ်သုံးသပ်နေရမှာဖြစ်ပါတယ်။ နိုင်ငံသားတွေဟာ ဘဏ္ဍာရေးကိစ္စ၊ စီမံကိန်းကိစ္စတွေအပေါ်မှာ စိတ်ဝင်စားမှုနည်းနေသမျှတော့ အစိုးရရဲ့ လိုသလိုစီမံမှုကို ခံရနိုင်သလို ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာစေမှုကိုလည်း ပုံပေါ်လာအောင် ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။
သင်ဘယ်အရပ်မှာနေထိုင်သလဲ။ သင့်ရဲ့ လွှတ်တော်ကိုယ်စားလှယ်က ဘယ်သူလဲ။ ယခုနှစ် အောက်တိုဘာလမှ လာမယ့်နှစ် စက်တင်ဘာလအထိ ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြင်ဆင်ထားတဲ့ ဘဏ္ဍာငွေကြေးတွေနဲ့ စီမံကိန်းလုပ်ငန်းတွေကို သင့်အစိုးရက ဘယ်လိုပြင်ထားသလဲ ဆိုတာကို မေးခွန်းထုတ်သင့်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြချင်ပါတယ်။
ကျော်ဇေယျလွင်