မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာနများ၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာကို ၂၀၁၈ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့က ကျင်းပသော ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (တတိယနေ့)တွင် မွန်ပြည်နယ်စာရင်းစစ်ချုပ်က တင်သွင်းခဲ့သည်။

 

စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် အရေးကြီးတွေ့ရှိချက်ပေါင်း (၂၇)ချက်ရှိပြီး ဝန်ကြီးဌာန (၇)ဌာနတို့ရှိ ဦးစီးဌာနများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းဝန်ကြီးဌာန(၇)ခုမှာ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ဖြစ်ကြသည်။

 

အရေးကြီးတွေ့ရှိချက်ပေါင်း (၂၇)ခုတွင် လုပ်ငန်းစီမံခန့်ခွဲမှုလျောလျဲခြင်း၊ လစာငွေများ ပိုထုတ်ပေး ထားခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် သဘောတူခွင့်ပြုလုပ်ငန်းများလုပ်ဆောင်ရာတွင် စာချုပ်စာတမ်းများ ပြုလုပ်ထားမှုမရှိခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများမှ လိုင်စင်ကြေးပေးသွင်းမှုမရှိနေခြင်း၊ ပစ္စည်းရောင်းချပြီး ပိုက်ဆံကို အချိန်မှီပေးသွင်းမှုမရှိခြင်း၊ အဆောက်အအုံဆောက်လုပ်မှုတွင် လျာထားပစ္စည်းဝယ်ယူမှုထက် လျော့နည်းပြီး ပစ္စည်းဝယ်ယူမှုများရှိနေခြင်းတို့ကို တွေ့ရကြောင်း ဖော်ပြထားသည်။

 

ထူးထူးခြားခြားတွေ့ရှိမှုအချို့ကို ကောက်နုတ်ဖော်ပြရသော် –

 

(၁) မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် အဝေးပြေးကားဝင်းရှိ ဆိုင်ခန်းပေါင်း ၁၀၈ ခန်းအတွက် မော်လမြိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ မြေငှားရမ်းခများ ကောက်ခံနေသော်လည်း ငှားရမ်းခြင်းအတွက် သဘောတူစာချုပ် ချုပ်ဆိုထားမှုမရှိသည်များကို တွေ့ရခြင်း၊ အဆိုပါကိစ္စအတွက် စာရင်းစစ်ရုံးမှ အကြံပြုခဲ့ပြီး စည်ပင်ဌာနမှ စာချုပ်ချုပ်ဆိုရန်ပြင်ဆင်နေသည်ဟု အကြောင်းပြန်ကြားခဲ့သော်လည်း အစီရင်ခံစာတင်သွင်းချိန်အထိ လုပ်ငန်းလုပ်ဆောင်မှုမရှိသေးခြင်း

 

(၂) မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ New Sky စားသောက်ခန်းမနှင့် ရေကူးကန်ကို နှစ်(၆၀)ငှားရမ်းထားမှုအပေါ် စာချုပ်ပယ်ဖျက်ရန် ညှိနှိုင်းသော်လည်း ငှားရမ်းသူမှ စာချုပ်မပယ်ဖျက်လိုကြောင်းနှင့် အသစ်ပြန်လည်ချုပ်ဆိုရန် ဆန္ဒမရှိပါကြောင်း အကြောင်းပြန်ကြားခဲ့ခြင်း၊ ပြည်နယ်စည်ပင်အဖွဲ့မှ စာချုပ်အသစ်ပြန်လည်ချုပ်ဆိုရန် ရည်ညွှန်းပြီး စာချုပ်ပြန်လည်မချုပ်ဆိုပါက လုပ်ငန်း ပိတ်သိမ်းရန် အတွက် မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လမ်းညွှန်ချက်ကို ငှားရမ်းသူအား ပြန်လည်ရှင်းလင်းခဲ့ပြီး ငှားရမ်းသူမှ လူမှုရေးဆိုင်ရာအခက်အခဲကြောင့် အခြေအနေပြန်လည် တင်ပြနိုင်မှုမရှိသေးခြင်းကို တွေ့ရှိရကြောင်းနှင့် အစီရင်ခံစာတင်ချိန်အထိ ပြီးပြတ်မှုမရှိသေးခြင်း

 

(၃) စိုက်ပျိုးရေးဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံး၏ ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ လုပ်ငန်းနှင့် စာရင်းများ စစ်ဆေးရာတွင် ၀၅-၀၆ ပညာပေးသင်တန်းအသုံးစရိတ်မှ အံဒင်ကျေးရွာ၌ ရာဘာပျိုးခင်းနှင့် စိုက်ပျိုးထိန်းသိမ်းခြင်း သင်တန်းပြုလုပ်ခြင်း၊ ချောင်းတောင်ကျေးရွာ၊ ကလော့ကျေးရွာ၌ မိုးစပါးအထွက်နှုန်း တိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေးသင်တန်းပြုလုပ်ခြင်းအတွက် သင်တန်းဆောင်ရွက်ပြီးစီးမှု ဓါတ်ပုံမှတ်တမ်းများကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ တင်ပြသော်လည်း ကျေးရွာတာဝန်ရှိသူများ၏ တင်ပြချက်နှင့် နှိုင်းယှဉ်ချက်အရ အမှန်တကယ်သင်တန်းပြုလုပ်သည့်ရက်ထက် ပိုမိုစာရင်းပြသပြီး ကျွေးမွေးစရိတ်များထုတ်ယူခြင်း၊ အမှန်တကယ်ကုန်ကျခြင်းမရှိသည့် အခမ်းအနားပြင်ဆင်စရိတ်/ဖျက်သိမ်းစရိတ်၊ သယ်ယူပို့ဆော်ရေးစရိတ်များ ထုတ်ယူခြင်းတို့ကို တွေ့ရှိခဲ့ကာ ယင်းငွေများကို ပြန်လည်ပေးသွင်းရန် ညွှန်ကြားပြီး ပေးသွင်းစေခဲ့ကြောင်း

 

(၄) မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကုဆေးခန်း(၃)ခုမှာ ပြင်ဆင်ပြောင်းလဲထားသော လိုင်စင်ကြေးကို ပေးသွင်းခြင်းမဟုတ်ပဲ လျော့နည်းပေးသွင်းခြင်းများကို တွေ့ရှိရကြောင်း

 

(၅) မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကုဆေးခန်း (၁၅)ခုမှာ သတ်မှတ်လိုင်စင်ကြေးပေးသွင်းရန် အကြောင်းကြားထားသော်လည်း စာရင်းစစ် စစ်ဆေးချိန်အထိ ပေးသွင်းထားခြင်းမရှိကြောင်း

 

(၆) ကျိုက်ထိုမြို့နယ်အတွင်းရှိ အဝေးပြေးယာဉ်များရပ်နားသော စားသောက်ဆိုင်(၆)ဆိုင်မှ စိုက်ထူထားသော ဆိုင်းဘုတ်များအတွက် လမ်းမကြီးများဥပဒေနှင့်အညီ အခွန်ငွေပေးသွင်းထားမှုမရှိကြောင်း စသည်များဖြစ်ကြသည်။

 

အရေးကြီး စစ်ဆေးတွေ့ရှိချက် တွေ့ရှိသည့် ဌာနများ

============================

စည်ပင်သာယာရေးဝန်ကြီးဌာန

မော်လမြိုင်စည်ပင်သာယာရေးအဖွဲ့၊ တွေ့ရှိချက် (၅)ခု

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန

နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (အင်္ဂဘို) ကျိုက်ထို၊ တွေ့ရှိချက် (၄)ခု

မျိုးစေ့ဌာနခွဲ၊ ဗဟိုစိုက်ပျိုးရေးခြံ (မုဒုံ)၊ တွေ့ရှိချက် (၂)ခု

စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး (သံဖြူဇရပ်)၊ တွေ့ရှိချက် (၁)ခု

စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး (ရေး)၊ တွေ့ရှိချက် (၁)ခု

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

မြို့နယ်ကျန်းမာရေးဦးစီးဌာန (ဘီးလင်း)၊ တွေ့ရှိချက် (၁) ခု

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန (မော်လမြိုင်မြို့)၊ တွေ့ရှိချက် (၄)ခု

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန (မုဒုံမြို့နယ်)၊ တွေ့ရှိချက် (၄)ခု

 

စက်မှုဝန်ကြီးဌာန

အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၇) စက်မှုကုန်ကြမ်းဌာန၊ ညောင်ချောင်း သီဟိုနှင့် ရာဘာခြံ၊ သထုံမြို့၊ တွေ့ရှိချက် (၁) ခု

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ သထုံမြို့၊ တွေ့ရှိချက် (၁) ခု

 

ဆောက်လုပ်ရေးဝန်ကြီးဌာန

လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြရုံး)၊ ကျိုက်ထိုမြို့၊ တွေ့ရှိချက် (၁) ခု

 

ပညာရေးဝန်ကြီးဌာန

မြို့နယ်ပညာရေးမှူးရုံး၊ ချောင်းဆုံမြို့၊ တွေ့ရှိချက် (၁) ခု

မြို့နယ်ပညာရေးမှူးရုံး၊ ချောင်းဆုံမြို့၊ တွေ့ရှိချက် (၁) ခု

 

အထက်ပါတွေ့ရှိချက်များတွင် အချို့အချက်များမှာ ဖြေရှင်းရန် ပြင်ဆင်နေခြင်း၊ ဖြေရှင်းခြင်းများရှိနေပြီး အချို့ အချက်များမှာ ဖြေရှင်းမှုမရှိသေးကြောင်း တွေ့ရသည်။

 

မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် ထောက်ပြဆွေးနွေးခြင်းကို ၂၀၁၈ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့က ကျင်းပသော ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးအောင်ကျော်သူ၊ ဦးဇော်ဇော်ထူးနှင့် ဦးထွန်းမင်းအောင်တို့က ထောက်ပြဆွေးနွေးခဲ့ပြီး ပြည်နယ်အစိုးရဘက်ကမူ တစ်စုံတစ်ရာမှတ်ချက်ပြု ဖြေဆိုခြင်းမရှိခဲ့ပေ။

 

ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးကမူ “စာရင်းစစ်ချုပ်အစီရင်ခံစာ၏ စစ်ဆေးတွေ့ရှိချက်အတိုင်းကို သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲကလည်း သိရမယ်။ ပြည်နယ်ဝန်ကြီးတွေကလည်း သိရမယ်ဆိုပြီးတော့ စီမံခန့်ခွဲရေးဆိုင်ရာစာ (Management Letter) ကို ထုတ်ပြန်ပါတယ်။ ထုတ်ပြန်တဲ့အခါမှာ အရေးပါတဲ့အချက်ကို ကြည့်ပြီးတော့ သူရဲ့ ပြန်ကြားချက်ဟာ ကျေနပ်မှုမရှိဘူး။ လိုက်နာဆောင်ရွက်မှုမရှိဘူး။ နှစ်စဉ် နှစ်တိုင်းလည်း မှားယွင်းနေမယ်ဆိုရင်တော့ ကျွန်မတို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကလည်း မှာထားပါတယ်။ တွေ့ရှိချက်တွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို တင်ပါ။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ကနေစုစည်းပြီးတော့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးတွေကို တင်ပြသွားမယ်လို့ ညွှန်ကြားထားပါတယ်”ဟု မွန်ပြည်နယ်လွှတ်တော်တွင် သုံးသပ်ဖြေဆိုခဲ့သည်။

 

ပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာ၏ တင်ပြချက်နှင့်ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့က ဘယ်လိုညွှန်ကြားပြီး ဘယ်လိုပြင်ဆင်ပြောင်းလဲသွားမယ်ဆိုတာကတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

 

သံလွင်တိုင်းသတင်းအဖွဲ့

 

ဓါတ်ပုံ – အင်တာနက်

 

မှတ်ချက် – အထက်ဖော်ပြပါစာများသည် မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (တတိယ)နေ့တွင် တင်ပြသည့်အချက်များကို အခြေခံပြီး ဖော်ပြထားခြင်းဖြစ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.