မော်လမြိုင်၊ ဇန်နဝါရီ ၂၄
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Workpoint ရုပ်သံတစ်ခုမှာ ခြေစွမ်းပြသခဲ့တဲ့ မွန်လူမျိုးကလေးငယ် နောင်ဖီး (ဆူဗင်)ဟာ လက်ရှိ အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းကို ရောက်ရှိကာ ၎င်းကို ထိုင်း နိုင်ငံကိုယ်စားပြုသည့် ကစားသမားအဖြစ် အသက်ပြ
ည့်တဲ့အချိန်မှာ ခေါ်ယူမွေးစားသွားမှာဖြစ်ပြီး ထိုင်းဘတ် ငွေ သန်း(၃၀) မှ (၄၀) အထိ ထောက်ပံ့ကာ အင်္ဂလန်အထိ ပညာသင်ယူစေမယ်လို့ အသင်းဒုဥက္ကဌ Mr.Aiyawattက ဒေသတွင်းသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားသလို နောင်ဖီးကိုယ်တိုင်ကလည်း ထိုင်း အသင်းအတွက် ဘောလုံးကစားချင်ကြောင်း ဖွင့်ဟကြောင်း သိရသည်။
မွန်လူငယ်ကလေးငယ်က ထိုင်းနိုင်ငံကို ကိုယ်စားပြုပြီး ကစားသွားမယ်ဆိုတဲ့အခါ မြန်မာနေရှင်နယ် လိဂ် ကစားသမားတစ်ဦးဖြစ်သည့် ဆောက်သန်းမြန်မာအသင်း၏ နောက်တန်းကစားသမားနိုင်နိုင်က အခုလို သုံးသပ်ပြောကြားသည်။
“ကျွန်တော်တို့ဆီမှာလည်း အရင်က အဲ့လိုကလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ ဇွဲကပင်အကယ်ဒမီ ကပါ။ ဒါပေမယ့် အခုချိန်ထိတော့ ဘာမဖြစ်မလာခဲ့ဘူး။ အခုနောင်ဖီးကို လက်စတာအသင်းက ကမ်းလှမ်းထားတယ်။ အသက်တော့ မပြည့်သေးဘူးပေါ့နော်။ ကလေးကလည်း ငယ်သေးတော့ ကိုယ့်နိုင်ငံကိုချစ်စိတ်တွေ သူသိချင် မှသိမှာပါ။ ငယ်ငယ်လေးထဲက ထိုင်းကိုရောက်နေတော့ သူ့ကိုထိုင်းမှာမွေးတယ်လို့ပဲ ထင်နေတာဖြစ်မှာပါ။”ဟု နိုင်နိုင်က ၎င်းရဲ့ အမြင်ကိုပြောပါတယ်။
ဆက်လက်ပြီး ဘောလုံးအားကစားနဲ့ဆိုင်တဲ့ Facilities တွေ မပြည့်စုံတာတွေကိုလည်း ထောက်ပြ သည်။
“ထိုင်းမှာကျတော့ ကလေးတွေက ငယ်ငယ်လေးထဲကနေ facilities အပြည့်အစုံနဲ့လေ့ကျင့်ခွင့်ရတယ်။ (၁၀) နှစ်အရွယ်လောက်ကတည်းက ဘောလုံးဖိနပ်တွေစီးပြီး ဘောလုံးကွင်းတွေမှာ ကန်ခွင့်ရနေပြီ။ မြန်မာမှာ က (၁၀) တန်းအောင်ပြီးမှ ကွင်းပေါ်ကို ရောက်ကြတယ်။ လမ်းဘးမှာ ခြေဗလာနဲ့ ကန်ကြရတယ်။ အဲ့တာတွေ တော်တော်လေးကွာသွားပါတယ်။ နောင်ဖီးက ထိုင်းမှာဆိုရင်တော့ အခွင့်အရေးတွေ အများကြီးရှိလာမှာပါ” ဟု ၎င်းက သံလွင်တိုင်းမ်ကို မှတ်ချက်ပေးခဲ့သည်။
ထိုင်းအသင်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့်(၁၂၆) နေရာမှာ ရပ်တည်လျက်ရှိပြီး မြန်မာအသင်းကတော့ အဆင့် (၁၅၉)နေရာမှာ ရပ်တည်လျက်ရှိသည်။
သတင်း – TU Arkar Min