ကျိုက်ထို၊ နိုဝင်ဘာ ၁၅
ကျိုက်ထီးရိုးစေတီတော်ရှိ ဈေးဆိုင်များ ဘုရားဖူးလာရောက်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေ သည်အထိပြုလုပ်ပါက ယာယီဆိုင်ပိတ်သည့် စနစ်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုးဘုရာ နယ်နမိတ်အတွင်း ကန်ထရိုက်ပေးထားသော ဈေးဆိုင်များကို ဂေါပကအသစ် လက်ထက်တွင် စည်းကမ်းချက်များ ထုတ်ပြန်ထားပြီး စည်းကမ်းဖောက်ဖျက်ပါက ဆိုင်ရှင်များကို ပထမအကြိမ် ခေါ်ယူဆွေးနွေးသွားပြီး ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ပါက ယာယီ ဆိုင်ပိတ်သိမ်းသည့် စနစ်ဖြင့် အရေး ယူသွားမည်ဖြစ်သည်။ 

ဘုရားပွဲတော်ကာလအတွင်း ကျောက်ထပ်ကြီးဘုရားအနှီးရှိ ထမင်းဆိုင် တစ်ဆိုင်သည် ဘုရားဖူးသူ များ စိတ်အနှောက်အယှက်ဖြစ်စေသောကြောင့် ယာယီ ဆိုင်ပိတ်သိမ်းထားကြောင်း ဂေါပကအဖွဲ့မှ သတင်း ရရှိသည်။

“ ကျွန်တော်တို့ ဂေါပကတွေက ဘုရားအလှူခံ ဌာနပဲ ကိုင်ထားတာ။ နတ်နန်း အလှူခံဌာနကို အရင် လူတွေကို ကန်ထရိုက် ပေးထားတယ် ။ ဘုရားဖူးသူတွေ စိတ်အနှောက်ယှဉ် မဖြစ်အောင် နတ်နန်းထဲမှာပဲ အလှူခံ အပြင်ထွက်ပြီး အလှူခံရင်တော့ ခေါ်ယူဆွေးနွေးပြီး အရေးယူမှုတွေ လုပ်မယ်။ ဈေးဆိုင်တွေကိုတောင် ဘုရားဖူသူတွေ စိတ်အနှောက်ယှဉ်ဖြစ်စေလို့ အရေးယူထားပြီးပြီ။ ကျွန်တော်တို့ ဂေါပက အသစ်လက်ထက်က အချိန်နည်းနည်းပဲရှိသေးတော့ စိတ်အနှောက်ယှဉ် ဖြစ်စေတဲ့ ကိစ္စတွေရှိနေအုံးမှာပဲ။ ပြုပြင်စရာတွေ အများကြီး ကျန်သေးတော အချိန်တစ်နှစ်လောက် ယူပြီး နည်းနည်းစီ လုပ်ရအုံးမယ် “ ဟု ကျိုက်ထီးရိုး ဂေါပက ဒေါက်တာ အေးဇံက ပြောသည်။

အမှိုက်များနှင့် သန့်ရှင်းမှု မရှိသည့်နေရာများတွင် ဘုရားဖူးသူများ စိတ်အနှောက်အယှက် မဖြစ်ပေါ် စေရန် အမှိုက်ပုံများနှင့် ဝန်ထမ်းအသစ်များ ခေါ်ယူရန် စီစဉ်ထားပြီဖြစ်ပြီး ထို့သို့ မပြုလုပ်မီ ဘုရားနယ်နိမိတ် အတွင်း သန့်ရှင်းမှု ရှိစေရန် ဘုရားဖူးသူများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

“ အရေးယူမှု ပြုလုပ်ခိုင်းလို့ရရင် ရွှေနန်းကျင်နတ်နန်းက အလှူခံနေရာနဲ့ ဘုရားဆွမ်းတော် ရောင်းတဲ့ ဆိုင်တွေကို အရေးယူခိုင်းချင်တယ်။ အခုထိ စနစ်မပြောင်းသေးဘူး။ ဘုရားဆွမ်းတော်ကို အိမ်ရောက်မှ ပြန်ကပ် ရမလိုတောင်ဖြစ်တယ်။ ဘုရားဦးချလိုတောင် မပြီးသေးဘူး ကိုယ်ကပ်တဲ့ ဆွမ်းတော်ဗန်း မရှိတော့ဘူး။ တော်တော် ဒေါသဖြစ်မိတယ်“ ဟု လပြည်နှေ့တွင် ဘုရားဖူးသူ မခိုင်ခိုင်သော်က ပြောသည်။

ကျိုက်ထီးရိုးဘုရားတွင် နတ်နန်း ၉ ခုရှိသည့်အနက် ရွှေနန်းကျင်နတ်နန်းနှင့် ကျိုက်ထီးရိုး ဘိုးဘိုးကြီး နတ်နန်းကို ရိုးရိုးလေးမှ ကန်ထရိုက် ရရှိထားသည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင် ဦးစိန်မြင့်က ဆိုသည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.