ပေါင်၊ နိုဝင်ဘာ ၈
ပေါင်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် (၂)ရွာခန့် ကျန်ရှိနေသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
“သဲကုန်းရွာက ပြဿနာဖြစ်ပြီး ၁၀ အိမ်မှုးရွေးတဲ့အဆင့်နဲ့ ရပ်နေတယ်။ မြလေးချောင်ရွာကရွေးပြီးပြီ။ မြို့နယ်အဆင့်က ခန့်စာထုတ် ပေးရမယ့် အခြေအနေအဆင့် ရောက်နေပြီ။ ဒါပေမဲ့ အရွေးခံထားရတဲ့ သူက လယ်သမားတွေ ရေငန်တားတမံလုပ်တာကို သွားတားဆီးလို့ဆိုပြီး တိုင်စာတက်လာလို့ ဆိုင်းငံ့ထားရတယ်လို့သိရတယ်“ ဟု ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးက တာဝန်ရှိသူတစ်ဦးကပြောသည်။
၂၀၁၆ ဇန်နဝါရီလကစတင်ပြီး ပေါင်မြို့နယ်တွင် ရပ်/ကျေးများအလိုက်အုပ်ချုပ်ရေးမှုး အသစ်ရွေးချယ်ပွဲများပြုလုပ်ခဲ့သော်လည်း သဲကုန်း၊ ကျောက်ရေတွင်း၊ ကဒိုင်၊ မြလေးချောင်စသော ရွာလေးရွာ၏ ရွေးချယ်မှုများကို တိုင်ကြားမှုများရှိသည်ဆိုကာ အသစ်ပြန်လည်ရွေးချယ်မှုပြုလုပ်ရန် ပြည်နယ်အစိုးရအဖွဲ့ကညွှန်ကြားထားသည်။
ကဒိုင်၊ ကျောက်ရေတွင်း၊ မြလေးချောင်ကျေးရွာတို့တွင် ပြန်လည်ရွေးချယ်မှုများပြုလုပ်ခဲ့ပြီးနောက် ကဒိုင်နှင့် ကျောက်ရေတွင်းရွာများတွင် အုပ်ချုပ်ရေးမှုးအသစ် ခန့်အပ်ထားပြီးဖြစ်သော်လည်း သံကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရန် ခက်ခဲနေဆဲဟု သိရသည်။
သဲကုန်းကျေးရွာတွင် ကြီးကြပ်ရေးအဖွဲ့က ၁၀ အိမ်မှုးရွေးချယ်ခြင်းကို အောက်တိုဘာ ၈ ရက်နေ့ကပြုလုပ်ခဲ့စဉ် ၈၈ ကျောင်းသားလူငယ် ညီနောင်ပါတီမှဆိုသူ ကိုရွှေဝင်းက ၎င်း၏ အဖော်သုံးဦးနှင့်ရောက်လာပြီး မြို့နယ်မှလာရောက်ကြီးကြပ်သူများအား တားဆီးနှောက်ယှက်မှုပြုလုပ်သဖြင့် လုပ်ငန်းရပ်ဆိုင်းလိုက်ရပြီး နိုဝင်ဘာ ၉ ရက်နေ့တွင် ဆယ်အိမ်မှုးရွေးချယ်မှုပြန်စမည်ဟုသိရသည်၊
ရွေးချယ်မှုအားနှောက်ယှက်ခဲ့သူ ကိုရွှေဝင်းအား မြို့နယ်ကြီးကြပ်ရေးအဖွဲ့ မှခေါင်းဆောင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးကတရားလိုပြုလုပ်ကာ ပေါင်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။
သတင်း – ဝရဇိန် (ပေါင်)