ဌေးဝင်း
´ကျွန်တော်တို့ လေယဉ်မှူးတွေဆိုတာ ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ်၊ ဘယ်လေကြောင်းလိုင်းမှာဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ဟာ Standard operating procedure ဆိုတဲ့ procedure တခုကို follow ဘယ်လောက် လိုက်နိုင်သလဲ။ Hundered per-cent လိုက်နိုင်ရင် Fully safe and sound မြန်မာလိုပြောရင်တော့ ဘေးမသီ ရန်မခပေါ့။ ခရီးသည်တွေရဲ့ လိုရာခရီးကို လုံခြုံချောမွေ့စွာ ပို့ဆောင်နိုင်ရေးပေါ့´
လို့ ကိုစိုးဟန်က ပြောတယ်။ ဒီစကားဟာ မိုးကောင်းကင်တလွှား တိမ်တိုက်တွေကြားမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်တိုင် အောင် ကျင်လည်ကျက်စားလာခဲ့တဲ့ သူ့ဘဝရဲ့ သိပ်ကိုအရေးပါတဲ့ စကားတခွန်းလည်း ဖြစ်တာပေါ့။ သူဟာ လောလော ဆယ် the Apex လေကြောင်းလိုင်းမှာ လေယဉ်မှူးကြီးပါ။ အရင်ကတော့ Myanmar Airways ၊ Air Mandalay ၊ Golden Myanmar စတဲ့ လေကြောင်းလိုင်းတွေမှာ မောင်းခဲ့ဖူးပါတယ်။
သူ့နာမည်ကို အပြည့်အစုံခေါ်ရရင် လေယဉ်မှူးကြီး ဒေါက်တာ စိုးဟန်။ သူ့ရဲ့ ထူးခြားချက်က ဦးတည်ရာ ရည်ရွယ်ချက် ကို တသဝေမတိမ်း တစိုက်မတ်မတ် ကြိုးစားတတ်ခြင်းပါဘဲ။ အထူးသဖြင့် ရတနာသုံးပါးနဲ့ မိဘဆရာသမားတွေအပေါ်မှာ ရိုသေ ကိုင်းရှိုင်းခြင်း သိတတ် လိမ္မာခြင်းကတော့ သူတပါးတွေဆီမှာ တော်ရုံတွေ့နိုင်ခဲတဲ့ အခြင်းအရာတခု သို့မဟုတ် သူ့ရဲ့သင်္ကေတတခုလို့ဘဲ ဝိဂြိုဟ် ပြုချင်ပါတယ်။ ဒါကြောင့်ထင်ပါရဲ့ Pilot တယောက်ရဲ့ နာမည်ရှေ့မှာ ဒေါက်တာဆိုတဲ့ ဝိသေသန တခု ပိုပါနေတာ ဖြစ်တယ်။ လက်ရှိ မြန်မာပြည် လေယဉ်မှူးလောကမှာ ဒေါက်တာဘွဲ့ရထားတာ သူတ ယောက်ဘဲ ရှိတယ်လေ။ သူဟာ ရူပေဗေဒ ဘာသာရပ်နဲ့လည်း ပါရဂူဘွဲ့ ရထားသေးတယ် မဟုတ်လား။
ကိုစောနောင်ရဲ့အကျင့်တခုက သူ့မိတ်ဆွေတွေရဲ့ ဘဝထဲက ထူးခြားချက်ရှိတာတွေ၊ အခြားသူတွေလည်း သိခွင့်ရရင် အ ကျိုးကျေးဇူး ရှိမယ်ထင်တာတွေကို ပြန်ပြောပြချင်တဲ့ ဆန္ဒပါ။ အခုလည်း ကိုစိုးဟန် ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ လာ တုန်း တွေ့ဆုံခိုက်မှာ သူပြောပြခဲ့တာလေးတွေကို ပြန်ပြီး ဖောက်သည်ချတာပါ။ စာဖတ်သူ မိတ်ဆွေလည်း စိတ်ဝင်စား လိမ့်မယ် ထင်ပါတယ်။ ဒီအကြောင်းအရာကို ပြောခဲ့တဲ့ နေရာကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရန်ကာဟန် ၁၅ လမ်း က the Season Bangkok Hawmark ဟိုတယ်မှာပါ။ အချိန်ကတော့ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက် ကြာသပတေးနေ့ နံနက်ပိုင်းကပေါ့။
၀၀၀ ၀၀၀ ၀၀၀ ၀၀၀
´ဘေးမသီ ရန်မခဘဲနဲ့ From point A to B ကိုရောက်အောင် မောင်းနှင်ပျံသန်းခြင်းဟာ ကျွန်တော်တို့ဘဝရဲ့ အနှစ်သာရ အစစ်ဘဲ ဆရာစော။ ဥပမာ ရန်ကုန်ကနေ လားရှိုးပေါ့။ မျက်စိထဲမှာ မြင်အောင် ကြည့်ကြည့်ပေါ့။ လားရှိုးဆိုတာ တောင် တွေ ပတ်ပတ်လည် ဝိုင်းရံထားတယ်။ ကျွန်တော်တို့ မောင်းချင်သလို မောင်းလို့ မရဘူး။ လာရှိုး လေယဉ်ပျံကွင်းရဲ့ ပထဝီ အနေအထားအရ ကျွန်တော်တို့ ဘယ်လောက်ထိ ခဲရာခဲဆစ် ဆင်းရသလဲဆိုတာကို တွေးကြည့်စမ်းပါ။ ဒီနေရာမှာ အဓိက သော့ချက်ကတော့ Standard operating procedure ကို ဘယ်လောက် လိုက်နာရသလဲဆိုတာပါဘဲ´
´ကိုစိုးဟန်ရဲ့ လေယဉ်မောင်းသက်တမ်းတလျှောက်မှာ အခက်အခဲကြုံရတဲ့ ကာလများ ရှိခဲ့တာ ရှိရင် နည်းနည်း ပြောပြပါ လား´
´အခက်အခဲ မကြုံဖူးတဲ့လူ ဆိုတာ လောကမှာ ရှိပါ့မလား ဆရာစောရယ်။ ရှိတာပေါ့။ ပျံသန်းရေးကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့ အတွေ့အကြုံလေး တခုကို ပြောပြမယ်။ လားရှိုးလေယဉ်ကွင်းကို မျက်စိထဲမှာ မြင်ယောင်ကြည့်မယ်ဆိုရင် ဒယ် အိုးတလုံးကို ပက်လက်လှန်ထားတာကို မှန်းကြည့်ပေါ့။ ချိုင့်ဝှမ်းထဲမှာ။ ပတ်ပတ်လည်မှာ တောင်တွေချည်းဘဲ။ ဒီလောက် ခက်ခဲတဲ့နေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စီမံခန့်ခွဲမှု အလွဲ Mismanagement တခု ဖြစ်ခဲ့ဖူးတယ်။ လားရှိုး လေယဉ် ပြေးလမ်းရဲ့ တောင်ဘက်က ထိပ်မှာ ပို့ဆောင်ရေး ဝန်ကြီးဌာနကို ဘာမှမပြောဘဲနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက မိုက် ကရိုဝေ့ဗ် တိုင်တတိုင်ကို လာပြီး ထောင်ချလိုက် ပါလေရော။ အမြင့်ကလည်း ပေတရာကျော်ကျော်ဘဲ။ ပြေးလမ်းထိပ်မှာ လာထောင်ပစ်လိုက်တာ´
´အဲဒီလို ထောင်လိုက်တော့ ကိုစိုးဟန်တို့ လေယဉ် အတက်အဆင်းလုပ်တဲ့အခါမှာ အနှောင့်အယှက် ဖြစ်လာရောလား´
´ဖြစ်တာပေါ့။ ဆရာစောကလဲ.. ဘယ်လောက် ကိုးလိုးကန့်လန့် နိုင်သလဲဆိုတာ စဉ်းစားသာကြည့်ပါတော့။ ဒီတိုင်ထူ လိုက်တော့ ကျွန်တော်တို့အတွက် ပြေးလမ်းဟာ တဘက်ပိတ် ဖြစ်သွားပြီ။ လုပ်ရကိုင်ရ အရမ်းခက်သွားပြီ။ နဂို တည်းက မှ ဒီကွင်းက ခဲရာခဲဆစ် ဆင်းရပါတယ်ဆိုတဲ့ အနေအထားလေ။ ဒီတိုင်ဟာ ကျွန်တော်တို့အတွက် တော်တော်ကြီးကို လေးလံတဲ့ ဝန်ထုပ် ဝန်ပိုးကြီး ဖြစ်လာတယ်´
´စိတ်ဝင်စားစရာဘဲနော်.. အဲဒီလိုခက်ခဲတဲ့ နေရာကို ဘယ်လိုများ ဆင်းကြတက်ကြသလဲ.. ဗျာ။ တော်တော်လေးကို ရင်တုန်စရာ စိတ်လှုပ်ရှားစရာ ကောင်းတာဘဲ.. နော်´
´လေယဉ်မှာ safety altitude ဆိုတာရှိတယ်။ Minimum safety altitude ဆိုရင် တိမ်ထဲဘဲဖြစ်ဖြစ် မိုးရွာနေချိန်ဘဲ ဖြစ် ဖြစ်.. မြင်မြင် ..မမြင်မြင် ကျွန်တော်တို့က ဆင်းလို့ရတယ်။ ဘယ်တောင်နဲ့မှ မတိုက်ဘူး။ လားရှိုးမှာရှိတဲ့ အမြင့်ဆုံး တောင်က ပေ ၈၀၀၀ ရှိတယ်။ ပေ ၈၀၀၀ ရှိတဲ့အတွက် ကျွန်တော်တို့က ၉၅၀၀ကနေ ဆင်းရတယ်။ ပေ ၁၅၀၀ ပိုယူ လိုက်တယ်။ အကြမ်းအားဖြင့်ပေ့ါနော်။ အသေးစိပ်တော့ မဟုတ်ဘူးပေါ့။ ၉၅၀၀ ကနေ ကြိုက်တဲ့ လေယဉ်ပျံ ဆင်းလာခဲ့။ ဘာမှ မဖြစ်ဘူး။ ပေ ၉၅၀၀ နဲ့ လာရှိုး ဧရိယာကို ပတ်ပတ်လည် ၃၆၀ ဒီဂရီနဲ့ ပတ်ကြည့်လိုက် ဘာမှ တိုက်စရာ မရှိတော့ ဘူး။ Procedure အရ 090 ဆိုတဲ့ East heading ကို ထွက်ပြီး ပေ ၇၀၀၀ ထိ ဆင်းရတယ်။ ပေ ၇၀၀၀ ရောက်လို့ ငါးမိုင် ကျတဲ့အချိန်မှာ ဘယ်ဘက်ကို ကွေ့ရတယ်။ ၂၇၀ ဒီဂရီကိုဆင်းပြီး ပေ၆၀၀၀ ကိုဆင်းတယ်။ ၆၀၀၀ ကိုဆင်းလို့ရလို့ ၅ မိုင်ဖြစ်တဲ့ အချိန်မှာ တောင်ဘက်ကို ၄၀၀၀ ထိ ဆင်းတယ်။ အဲဒီ Standard Operating Procedure အတိုင်းကို ကျွန် တော်တို့က deviation မဖြစ်အောင် မသွေဖည်အောင် … မသွေဖည်ဘဲနဲ့ အဲဒီအတိုင်း ဆင်းနိုင်ရင် ဘာမှမဖြစ်ဘူး။ Rules and Regulation အတိုင်း Let down chart လို့ ခေါ်တယ်။ အဲဒီအတိုင်းလုပ်ပါ။ ဘာမှ ပြသနာ မရှိဘူး။ အဲဒါကို သွေဖည် ရင် ပြဿနာ´
´အင်း.. ဘာမှ မရှိတဲ့ ဟင်းလင်း ကောင်းကင်မှာ သံတုံးကြီးတတုံး ဝဲပျံပြီး မောင်းနှင်သွားနေတာဟာ ကျွန်တော့အ တွက်တော့ တကယ့်ကို အံ့သြစရာတခုပါဘဲ ကိုစိုးဟန်´
´ခုန ပြောပြခဲ့တာက ကျွန်တော်တို့ရဲ့ လေယဉ်မောင်း အတတ်ပညာနဲ့ဆိုင်တဲ့ အခက်ခဲ သေးသေးလေး တခုကို ဆရာစောကို ပြောပြတာ´
´ဟုတ်တာပေါ့။ တခြားအခက်အခဲတွေလည်း များစွာ ရှိဦးမှာပါလေ.. လူတွေနဲ့ ဆက်ဆံရတဲ့ အလုပ်မှန်သမျှ ပြဿနာ ဆိုတာ ရှိတတ်စမြဲ မဟုတ်လား´
´သိပ်မှန်တာပေါ့.. ဆရာစော။ ဒီလားရှိုး ခရီးစဉ်မှာဘဲ ကြုံူဖူးတဲ့ နောက်ဖြစ်စဉ်တခုကို ခင်ဗျားကို ကျွန်တော် ပြောပြဦးမယ်။ အဲဒီတုန်းက ကျွန်တော်က မြန်မာ့လေကြောင်းမှာ Fokker F 27 မောင်းတုန်းလေ။ လတလရဲ့ လဆန်း သုံးရက်နေ့ဘဲ ဆို ကြပါစို့။ လဆန်း တရက်နေ့ကတည်းက weather ဟာ below minimum မှာ ရှိနေတယ်။ ဥပမာ တိမ်လွှာက ပေ ၅၀၀ ထိ ဓာတ်မီးတိုင်ပေါ် ထိရှိတယ်ဆိုတော့ ပထမ တရက်ကလည်း လေယဉ် ဆင်းမရဘူး။ နှစ်ရက်နေ့ မှာလည်း weather က below minimum ။ ဒီတော့ ပထမနေ့ကလည်း Cancel ဒီခရီးသည်ဘဲ။ ဒုတိယနေ့မှာလည်း ဒီ ခရီးသည်ဘဲ Cancel။ ဒီတော့ လူသာမန် လူပုထုဇဉ်တယောက်အနေနဲ့ပေါ့နော် .. ကိုယ်သွားလိုတဲ့ခရီးကို မသွားရတဲ့အခါ ဒေါသတွေ ပေါက်ကွဲ လာပြီလေ။ သည်းမခံနိုင်ကြတောဘူးပေါ့။ လေယဉ်မှူးကဘဲ ပေါက်တတ်ကရ လုပ်နေသလား။ Controller တွေကဘဲ ကွင်းကို ပိတ်ထားသလား ဆိုပြီး ကျွက်စီကျွက်စီ ဖြစ်နေတာပေါ့´
´ဒါပေါ့.. ပေါက်ကွဲမှာပေါ့.. ဒီမင်္ဂလာဒုံ လေယဉ်ကွင်းကို လာလိုက် လေယဉ်မထွက်တော့ ပြန်သွားလိုက်နဲ့၊ ပြီးတော့ တချို့ မှာလည်း အရေးတကြီး အချိန်မီ ရောက်မှ ဖြစ်မဲ့ လူမျိုးလည်းပါမယ်။ မြန်ချင်လို့ လေယဉ်နဲ့ သွားပါတယ်ဆိုမှ ပိုကြာသလို ဖြစ်နေတော့လေ.. အဲ. ဒါနဲ့ အဲဒီနှစ်ရက်လုံးက ကိုစိုးဟန် လိုက်ရတဲ့ Flight တွေချည်းဘဲလား´
´မဟုတ်ဘူး ဆရာစော။ ခရီးသည် အားလုံး အရမ်းစိတ်တိုနေကြတဲ့ တတိယမြောက်နေ့မှ ခင်ဗျား သူငယ်ချင်း ကျွန်တော် က အလှည့်ကျသဗျာ´
´ကိုစိုးဟန်နေ့ကတော့ ရှောရှောရှူရှူဘဲလား´
´ရှောလား ရှူလား ဆိုတာကိုတော့ ဆက်သာနားထောင်ကြည့် ဗျာ´
´ဟုတ်ကဲ့ .. ဆက်ပြောပါဗျာ´
´တတိယမြောက်နေ့ရောက်တော့ ကျွန်တော်နဲ့ နောက်လေယဉ်မှူး တယောက်နဲ့ အဲဒီခရီးစဉ်ကို မောင်းဖို့ တာဝန်ကျ တယ်။ ဒါကြောင့် လာရှိုး weather ကို detail မေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီခရီးသည်တွေရဲ့ အသက်အန္တရာယ် လုံ ခြုံမှု ဘေးကင်းမှုဟာ ကျွန်တော်တို့ နှစ်ယောက်အပေါ်မှာ Hundred Percent မူတည်တယ်လေ။ ဟိုက ပြန်ဖြေတာက ကပ္ပတိန်ရေ.. တက်လာလို့ ရပါတယ်..ခင်ဗျား။ အနေအထားက ကပ္ပတိန်တို့ မောင်းလို့ ရနိုင်တဲ့ အနေအထားမျိုး ရှိပါ တယ်.. လို့ အကြောင်းပြန်တော့ ခရီးသည်တွေကို စပြီး boarding စလုပ်လိုက်တာပေါ့။ ခရီးသည်တွေကို boarding လုပ် ပြီးတဲ့နောက် ကျွန်တော်တို့က သေချာအောင်လို့ ထပ်မေးတဲ့အချိန်မှာ လားရှိုးကွင်းက ပြန်ပြောတာက ကပ္ပတိန်ရေ.. ကပ္ပတိန်ကို ပြောပြီးနောက် ပြီးခဲ့တဲ့ နာရီဝက်က weather ပြန်ဆိုးလာတဲ့အတွက်ကြောင့် ကပ္ပတိန်တို့ မတက်လာနဲ့ဦး.. လို့ ပြောတဲ့အချိန်မှာ ကျွန်တော်တို့က ခရီးသည်တွေကို ရာသီဥတုမကောင်းလို့ ခရီးသည်တွေကို departure launch ကိုဘဲ ပြန်ပို့မလား ဘာလုပ်ရမလဲ ပြောဆို တိုင်ပင်နေကြစဉ်မှာ ခရီးသည်အမျိုးသမီးတဦးက လေယဉ်မယ်ကို စပြီး complain လုပ်တော့တာပါဘဲ´
´ကွိုင်ပြီပေါ့´
´ကွိုင်တာပေါ့။ အဲဒီအမျိုးသမီးရဲ့ ရင်ခွင်ထဲမှာ ခြောက်လသားလောက်ရှိမဲ့ နို့စို့ကလေးတယောက်ကို ချီထားတယ်။ သူ လည်း လေယဉ်ပေါ်ကို တက်လိုက် ခရီးစဉ်ဖျက်ရလို့ ပြန်ဆင်းသွားလိုက်နဲ့ နှစ်ရက် သုံးရက်လောက် ရှိလာတော့ သူ့အ နေအထား စိတ်ခံစားမှုကိုလည်း ကျွန်တော်တို့ နားလည်ပါတယ်။ သူက ရှင်တို့ လေယဉ်မောင် လေယဉ်မယ်တွေ လေ ယဉ်မှူးတွေက လုပ်ချင်သလိုလုပ်နေတာဘဲလား။ ရှင်တို့ တက်ချင် တက်မယ်။ ရှင်တို့မတက်ချင်မတက်ဘူး။ ရှင်တို့ သဘောဘဲလားလို့ ပွဲကြမ်းလာတော့ လေယဉ်မယ် လေယဉ်မောင်တွေက လည်း သူတို့ရှင်းနိုင်သလောက် ရှင်းပြပေမဲ့ ကိစ္စက မပြီးပြတ်ဘူး။ သူတို့ရှင်းလို့မရတော့တဲ့အခါ ကျွန်တော်တို့ လေယဉ်မှူး အခန်းထဲကို လာတယ်။ ကပ္ပတိန် ခရီးသည် အမျိုးသမီးတယောက်က ကျွန်မတို့ကို complain လုပ်တာ ကျွန်မတို့ မရှင်းနိုင်တော့ဘူးလို့ လာပြောတော့ ဒီကိစ္စကို ဖြေရှင်းပေးဘို့ တာဝန် ကျွန်တော့ ပခုံးပေါ် ရောက်လာတယ်´
´ဘယ်လိုများ ဖြေရှင်းလိုက်သလဲ ကိုစိုးဟန်.. ခင်ဗျားစကား နားထောင်ရတာ ကျွန်တော်တောင် စိတ်မောလာပြီ´
´ကျွန်တော် သူ့ဆီကို ရောက်သွားချိန်မှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မလှမ်းမကမ်းမှာ ဘုန်းဘုန်း နှစ်ပါးလည်း ပါတာကို တွေ့ရတယ်။ ကျွန်တော်က ခရီးသည်ကို ရှင်းပြတယ်။ procedure ဘာရှိလဲ။ control ရဲ့ procedure ဘာရှိလဲ။ မိုးလေဝသ ဌနက ပေးတဲ့ weather ဘာရှိလဲ။ ကျွန် တော် သုံးဦး သုံးဖလှယ် ညှိရတယ်။ weather ပေးရတယ်။ ကျွန် တော်တို့ လေယဉ်မှူးတွေဘက်ကလည်း ကျွန်တော်တို့ standard အတိုင်း ဖြစ်မဖြစ်။ Controller ဘက်ကလည်း အိုကေ ရဲ့လား ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ဟာ ရန်ကုန်ကနေ လားရှိုး ခရီးစဉ်ကို ပျံမယ် မပျံမယ်ဆိုတာကို ဆုံးဖြတ်ရတယ် ဆိုတာကို ပြောပြတယ်။ ဟုတ်ပြီ.. အမအနေနဲ့ကလည်း ကလေးက ငယ်ငယ်လေးဖြစ်နေလို့ ဘယ် လောက် ကသီလင်တ ဒုက္ခရောက်ရသလဲဆိုတာကို ကျွန်တော် နားလည်တယ်။ ကျွန်တော်လည်း ဖခင်တဦး ဖြစ်တာ ကြောင့် ဒီလသားကလေးနဲ့ အခေါက်ခေါက် အခါခါ သွားလိုက်ပြန်လိုက် လုပ်နေရတာကို။ ကားငှါးလာရ ပိုက်ဆံ အပို ကုန်ရ ပေ့ါ။ ဒါကြောင့် ကျွန်တော် ခရီးသည်ဘက်ကို hundred percent လိုက်ပေးမယ်။ ဟုတ်ပြီ.. အမတို့ သွားချင်တဲ့ နေရာကိုသွားမယ်´
´အဲဒီလိုပြောလိုက်တော့ သူက ဘာပြန်ပြောသလဲ။ တခြား ခရီးသည်တွေကရော ဘာမှ မပြောကြဘူးလား´
´အားလုံးက ကျွန်တော် ရှင်းပြနေတာကို စိတ်ဝင်တစား နားထောင်နေကြတယ်လေ.. ဒါကြောင့် ကျွန်တော်က အနားက ဆရာတော်တွေဘက် လှည့်ပြီး.. ဘုန်းဘုန်းဘုရားတို့ရော ကျန်တဲ့ ခရီးသည်တွေလည်း ဝိုင်းစဉ်းစားပေးပါ။ ဒီအမလည်း စဉ်းစားပါ။ ဟုတ်ပြီ.. အခု ကျွန်တော်တို့ လာရှိုး weather ဘယ်လိုဘဲ ဖြစ်နေပါစေ.. below minimum မကလို့ ဘာဘဲ ဖြစ်နေပါစေ၊ ကျွန်တော်တို့ သွားလိုက်မယ်။ အဲဒီသွားတဲ့အခါ အမ တယောက်တည်း မဟုတ်ဘူး။ ဒီလေယဉ်ပေါ်ပါတဲ့ ခရီး သည် ၄၄ ယောက်နဲ့ လေယဉ်မောင်း အဖွဲ့ ၄ ယောက် စုစုပေါင်း ၄၈ ယောက်ရဲ့ အသက် အန္တရာယ် ဖြစ်နိုင်တယ်ဆိုရင် ဘယ်သူ တာဝန်ယူမလဲ။ အမ တာဝန်ယူမလားလို့ ကျွန်တော်ပြောတာကို ဒီအမျိုးသမီးက လုံး၀ လက်မခံဘူး။ ခင်ဗျားတို့ တက်ချင်သလို တက်တယ်။ ဆင်းချင်သလို ဆင်းတယ် ဆိုပြီ ရန်ထောင်နေပါလေရာ´
´ကိုစိုးဟန်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေကို သူက ထည့်မစဉ်းစားဘဲ သူဖြစ်ချင်တာကိုဘဲ ဇောင်းပေးနေလို့ နေမှာပေါ့။ ပြီးတော့ လားရှိုးကိုလည်း သိပ်ရောက်ချင်နေပြီ။ ရန်ကုန်ကို တခေါက် မပြန်ချင်တော့လို့လည်း နေမှာပေါ့´
´ ကျွန်တောက ထပ်ပြောပြတယ်။ ကျွန်တော်တို့ လေယဉ် Movement ကို ဝန်ကြီးဌာနက နားထောင်ပေးနေတယ်။ တပ်မတော် (ကက ကြည်း) ကလည်း နားထောင်ပေးနေတယ်။ ရန်ကုန်ကတက်တယ်။ ဘယ်အချိန် တက်လဲ။ မနက် ၇ နာရီ တက်တယ်။ မနက် ၈ နာရီ ၄၅ မှာ ဆင်းတယ်။ ခန့်မှန်းခြေ တနာရီခွဲ ကျော်ကျော်လေး မောင်းရတယ်။ အားလုံးက စောင့်ကြည့်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလေယဉ်ပျံက နိုင်ငံတော်ပိုင် လေယဉ်ပျံဖြစ်နေတာကြောင့် ကျွန်တော်တို့ က ပစ္စလက္ခတ် ကိုင်လို့ မရဘူး။ ဝန်ကြီးဌာနကလည်း အမြဲတမ်း Monitoring လုပ်နေတယ်။ ´တက်ပြီလား´ ´တက်ပါ ပြီ´ ´ဘယ်အချိန် ဘယ်နေရာ ရောက်နေပြီလဲ´ ´ဆီ ဘယ်လောက် ပါသွားလဲ´ဆိုပြီး တောက်လျှောက် သတင်း ပို့နေရ တယ်။ ဟုတ်ပြီ.. အမရဲ့ ဆန္ဒအတိုင်း ကျွန်တော်တို့ ဖြစ်အောင်တက်မယ်။ အဲဒီလို တက်လိုက်လို့ အသက် အန္တရာယ်ဖြစ် လာခဲ့ရင် အမ တာဝန်ယူမလား လို့ ဆိုတဲ့အချိန်မှာ အသက် အန္တရာယ်ဆိုာတကိုလည်း ကြားရော ချက်ချင်းဘဲ.. ဟာ. လေယဉ်မှူး. ရှင့်။ အဲသလိုမျိုးဆိုရင် မသွားရရင်လည်း ရပါတယ်. ကျွန်မအတွက်က ဒီလောက်ထိ အရေးမကြီး ပါဘူး..လို့ ဖြစ်သွား တယ် ဆရာစောရေ´
´အင်း သေဆိုတဲ့စကားက လူ့စိတ်ကို အင်မတန်မှ ခြောက်ခြားစေတာ မဟုတ်လား ကိုစိုးဟန်´
´မှန်တာပေါ့။ သိပ်မှန်တာပေါ့ ဆရာစိုး။ လူတယောက်ဟာ တကယ်တမ်း အသက်အန္တရာယ် မရှိတဲ့အချိန်ထိတော့ ဆင်ဖမ်း မယ် ကျားဖမ်းမယ် ဘာမှ ဂရုမစိုက်ဘူး။ အရေးမကြီးဘူး ဆိုပြီး ပြောတတ်ကြတယ်။ ဒါပေမဲ့ တကယ်တမ်း သေရမယ်ဟေ့ ဆိုတဲ့ သေစကား တခွန်းကို ကြားလိုက်ရတဲ့ အချိန်မှာ ဟင်း ဟင်း ဟင်း တော်တော့ကို တုန်လှုပ် ခြောက်ခြားတတ်ကြတာ မဟုတ်လား။ ဒီနေရာမှာ ဘုန်းဘုန်းကြီးကလည်း ရှင်းပြတယ်။ ဒကာမကြီး ဒကာမတို့ ဘုန်းဘုန်းတို့ အသက် အန္တရာယ် ဖြစ်တယ်ဆိုရင် လေယဉ်မှူးတွေလည်း ပါသွားမှာဘဲ.. ဒီလေယဉ်တစင်းလုံးမှာ ပါတဲ့သူ တယောက်မှ ကျန်မှာမဟုတ်ဘူး ဆိုတော့မှ အဲဒီအမျိုးသမီးစဟာ.. အဲသလိုဆိုရင် လေယဉ်မှူး မသွားနဲ့။ မသွားနဲ့ နော်။ မသွားနဲ့တော့.. ကျွန်မ ပြောလို့ သွားတယ်ဆိုတာ မဖြစ်ချင်ပါဘူး ဆိုပြီး ဖြစ်သွားတယ် ဆရာ စောရေ´
´ဒါဖြင့် အဲဒီနေ့က လားရှိုးကို မရောက်ဖြစ်ဘူးပေါ့´
´ရောက်ဖြစ်တယ်။ အဲဒီနေ့က ကံကောင်းထောက်မစွာ နောက်တနာရီလောက်အကြာမှာ ကျွန်တော်တို့ လေယဉ်ပျံဟာ လားရှိုးကို ကောင်းကောင်းမွန်မွန် ပျံသန်းနိုင်ခဲ့ပါတယ်။ ရှောရှောရှူရှူဘဲ ဘေားမသီ ရန်မခဘဲ ဆင်းသက်နိုင်ခဲ့လို့ ဘုန်း ဘုန်းကြီး အပါအဝင် ခုန ကလေး အမေရော ခရီးသည်တွေ အားလုံး ကျေနပ်သွားကြတယ်။ အခုလိုပြောပြတာက တခါ တခါမှာ လေယဉ်ပျံ မောင်းရတဲ့လူရဲ့ မွန်းကျပ်မှုနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေအပြင် ဘေးမသီရန်မခ ခရီးတခုရောက်ဖို့ လုံခြုံမှု ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ပြောပြတာပါ။ တချို့ကတော့ ပစ္စလက်ခတ် ပြော လိုက်တာဘဲ.. ခင်ဗျား တို့ တက်ချင်တက်တယ် ဗျာ။ ခင်ဗျားတို့ ဆင်းချင် ဆင်းတယ်ဗျာ။ ခင်ဗျားတို့ မဆင်းချင်လည်း ပတ်ပြီး ပြန်ချင် ပြန်လာ တယ်ဗျာ။ အပေါ်ရောက်တယ်ဗျာ။ ကျွန်တော် မြင်ရတယ်ဗျာ။ ကျွန်တော် လေယဉ်ကွင်း မြင်ရတယ်။ ကပ္ပတိန်ခန်းကနေ လေယဉ်မှူးတွေ မမြင်ရဘူးလား ဆိုတာမျိုးတွေလေ။ ဒါမျိုးကို လမ်းဘေးက လဘက်ရည်ဆိုင်မှာ ပြောနေတာကတော့ နားထောင်လို့ ကောင်းတာပေါ့.. နော်´
´ကျွန်တော်တို့ သာမန်လူတွေကတော့ လေဆိပ်မှာ ယူနီဖောင်းကို ကျကျနန သေသေသပ်သပ် ဝတ်ထားတဲ့ Crew တွေ ကိုတွေ့လိုက်ရင် အားကျ အထင်ကြီးစိတ်ဝင်ပြီး သူတို့ ကံကောင်းလိုက်တာနော်လို့ အမြဲတမ်း မုဒိတာ ပွားမိတာ အမှန်ဘဲ ကိုစိုးဟန်ရေ။ ဒါပေမဲ့ ခု ခင်ဗျားပြောပြတာကို နားထောင်မိတော့လည်း မလွယ်ပါလားဆိုပြီး သက်ပြင်းချမိရတယ်။ ဒါနဲ့ နောက်တခုလောက် မေးချင်သေးတယ်´
´ဘာများလဲ ဆရာစော´
´ကိုစိုးဟန်တို့အနေနဲ့ အခြား တာဝန်ယူ တာဝန်ခံရတဲ့ ကိစ္စတွေထဲက အရေးကြီးတဲ့ တခုလောက် ပြောပြပေးပါဦး´
´အပြင်လူတွေ ဘယ်လိုမှမသိနိုင်တဲ့ ကိစ္စတခုကို ကျွန်တော်ပြောပြမယ်။ ခရီးသည် တင်နေစဉ်မှာသော်လည်းကောင်း။ ခ ရီးသည် ပြန်ဆင်းနေစဉ်မှာသော်လည်းကောင်း ခရီးသည် မတော်တဆ တခုခုဖြစ်သွားခဲ့တယ်ဆိုရင် အသက်အန္တရာယ် ဖြစ်သွားခဲ့တယ် ဆိုရင် ဥပဒေကြောင်းအရ ဒါဟာ လူသတ်မှု ဖြစ်သွားတယ် ဆရာစော.. ဥပဒေက အဲသလို သွားတယ်။ ပန်ကာလည်နေတာကို ခရီးသည်က မသိဘဲနဲ့ ခရီးသည်ရဲ့ လက်ဖြစ်စေ ခြေ ထောက်ဖြစ်စေ ခေါင်းဖြစ်စေ ပန်ကာထ ဲဝင်သွားပြီး သေသွားရင် လေယဉ်မှူးဟာလူသတ်မှု ကျူးလွန်သူ ဖြစ်သွားတယ်။ ဥပဒေက အဲသလိုကို ဆိုထားတယ်။ ဒါကြောင့်မို့လို့ လူတွေက သေသေချာချာ မသိဘဲနဲ့ ´ လေယဉ်မှူးတွေက ကော့လန် ကော့လန် တက်မောင်းသွားတယ်။ အရပ်သားအတွေးနဲ့ ဥပဒေကြောင်းကို နားမလည်ဘဲ ´ဟာ.. လေယဉ်မှူး တွေ က ကွာ.. ဂျိ.. ဂျိ.. ဒုန်း.. ဒုန်း ဆိုပေမဲ့ တကယ်တမ်း ဒီအသက်အန္တရာယ်တွေဟာ ဘယ်လောက် တန်ဖိုးကြီးသလဲ..။ ခရီးသည်တင်မကဘူး။ ခရီးသည် တင်ပြီး လေယဉ်တံခါးပိတ်ပြီးနောက် စက်နှိုးလို့ အင်ဂျင်နီယာ တယောက်က နားလည်မှုလွဲမှားပြီး ပန်ကာကို ဝင်တိုက်မိလို့ သေသွားရင်လည်း ဒါဟာ လူသတ်မှု။ ဒီဟာကို တာဝန်ခံ အဓိက ခံရတာက လေယဉ်မှူးကြီးဘဲ။ သူ့တာဝန်ဘဲ။ ကျန်တဲ့ crew နဲ့ မဆိုင်ဘူး´
´အော်.. ခင်ဗျားတို့ရဲ့ဘဝကလည်း တာဝန်ကြီးလိုက်ပါဘိ။ ကျွန်တော်တို့ မသိတာတွေကို ပြောပြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ဒီလို အခက်ခဲတွေကြားမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကျော်ထိအောင် ဘေးမသီ ရန်မခ မောင်းလာနိုင်ခဲ့တာ ဘာကြောင့်များလဲဆိုတာ သိချင်သေးတယ်´
´ကျွန်တော်ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာ တယောက် မဟုတ်ဘူး။ ဗုဒ္ဓဘာသာ အစစ်ဖြစ်သောကြောင့် မြတ်စွာဘုရားရဲ့ တရား တော်ကို အကြွင်းမဲ့ ယုံကြည်တယ်။ ကျွန်တော် လေယဉ်မောင်းနေတာဟာလည်း ဗုဒ္ဓရဲ့ တရားတော်အောက်မှာဘဲ မောင်း တယ်။ အဲယား ဘတ် (စ်) ဆိုရင် ခရီးသည် ၁၈၀ ပါတယ်။ crew က လေယဉ်မှူးက နှစ်ယောက်၊ လေယဉ်မောင် လေယဉ် မယ်က ခြောက်ယောက်ဆိုတော့ ၁၈၈ ယောက်ပေါ့။ ကိုယ်အပါအဝင် လူ ၁၈၈ ယောက်သည် လေထဲမှာ အမြင့်ပေ ၃၉၀၀၀ လောက်မှာ ပျံသန်းတယ်။ ဥပမာ ရန်ကုန် စင်္ကာပူပေါ့။ ကျွန်တော်တို့အောက်မှာ ကြီးကျယ် မြင့်မြတ်သော လူ ပညာရှိ ရဟန်းပညာရှိတွေ ဗုဒ္ဓရဲ့ ဓာတ်တော် မွေတော် စေတီတော်တွေရဲ့ အပေါ်မှာ ပျံသန်းနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဟာ လူ့ရဲ့ ဂုဏ်သိက္ခာ ( Will Power) လို့ ခေါ်မှာပေါ့နော်´
´ဟုတ်ကဲ့´
´တဦးချင်း ရဲ့ Will Power ရှိနေသမျှ ကာလပတ်လုံးသည် ကျွန်တော့်ရဲ့ တသီးပုဂ္ဂလ ယုံကြည်ချက်ကတော့ ဘယ်တော့မှ အန္တရာယ် မဖြစ်နိုင်ဘူး။ ဒီနေရာမှာ လေယဉ်ပျံမောင်းတဲ့ ပညာကို ကျွန်တော် မပြောဘူး။ မြတ်စွာဘုရားရဲ့ Teaching of the Buddha ပေါ့။ I follow the teaching of the Buddha ပေါ့။ အဲဒီအတိုင်းကို ကျွန်တော်ဟာ သွားနေတဲ့အတွက် ကြောင့်ပေါ့။ ကျွန်တော့်ရဲ့ ခံယူချက်ကတော့ ဒီအလုပ်မှာ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံနေတယ်လို့ လုံး၀ Hundred Percent ယုံကြည်တယ်။ ဆိုပါစို့ ကျွန်တော်တို့ ရန်ကုန်က စတက်လာတယ်။ ထိုင်းကို ဖြတ်တယ်။ ထိုင်းမှာလည်း မြဘုရား အစရှိတဲ့ ဗုဒ္ဓရဲ့ ဓာတု စေတီ ဓမ္မစေတီတွေ ရှိသလို မလေးမှာရော စင်္ကာပူမှာပါ ရှိတယ်။ ကျွန်တော်ဟာ ဒီလို မြင့်မြတ်သော အရပ်ဒေသတွေရဲ့ ကောင်းကင်ပေါ်မှာ ပျံသန်းနေစဉ်မှာ မြတ်စွာဘုရားရဲ့ တရားဓမ္မကို ရင်ထဲမှာ နှလုံး သွင်းပြီး ဒီလေယဉ်ပျံနဲ့ ခရီးသည် အပေါင်းနဲ့ ကျွန်တော်အပါအဝင် ကျွန်တော့ လေယဉ်အဖွဲ့သား အားလုံးရဲ့ အသက် အန္တရာယ် ဘေးမသီရန်မခအောင် လုံး၀ တာဝန်ယူ မောင်းနှင်တယ် ဆရာ စော´
၀၀၀ ၀၀၀ ၀၀
ကိုစောနောင်ဟာ ကိုစိုးဟန်ဆီက အပြန်မှာ Hawmark Airport link ရထားဘူကနေ ကောင်းကင်ရထားစီးရင်း အတွေး နယ်လွန်ကာ သူဟာ မြန်မာအမျိုးသားပိုင် မြန်မာနိုင်ငံ လေယဉ်ကြီးပေါ်ကို ရုတ်တရက် တက်စီးလျက်သား ဖြစ်နေတာ တွေ့ရတယ်။ ကိုယ်တွေကတော့ အာဏာရှင်တွေ အဆက်ဆက် မောင်းနှင်ခဲ့တဲ့ နိုင်ငံတော်မှာ ရှင်သန်လာခဲ့ရသူဆိုတော့ ဘေးအသွယ်သွယ် ရန်စွယ်ပေါများလှတဲ့ ဘဝခရီးကြမ်းမှာ နှစ်ပေါင်း ငါးဆယ်ကျော် လိုက်ပါစီးနင်းခဲ့ပြီးပြီ မဟုတ်လား။ ငယ်ငယ်တုန်းက အန်စာတုံးလှိမ့်ကာ မြွေရုပ်တွေ လှေခါးပုံတွေ ပါတဲ့ အကွက်ရွှေ့ကစားသလို အောင်ပွဲဆင်ခါနီး နံပတ် ၉၉ ရောက်မှ မြွေကိုက်ခံရတဲ့ အဖြစ်မျိုး အပါအဝင် ရက်စက်ကြမ်းကြုတ်လှတဲ့ မြန်မာ့သမိုင်း ဇာတ်ဝင်ခန်းထဲက ဇာတ်ကောင် တကောင်အဖြစ် တသက်တာ ကပြ အသုံးတော် ခံခဲ့ပြီးပြီလေ။ ခုနေခါ သူရင်ထဲက ဆန္ဒကတော့ မြန်မာဆိုတဲ့ လေယဉ်ပျံကြီးကို ဘေးမသီရန်မခဘဲ မျိုးဆက်သစ်များ စီးနင်းကာ လိုရာခရီးကို ရှောရှော ရှူရှူ ရောက်နိုင်ကြပါစေ ဟူ၍သာ။