မုဒုံ အောက်တိုဘာ၂၆

မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မုဒုံမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ(၂၃)ရက်နေ့ ညပိုင်းတွင် မော်လမြိုင်မြို့ပြည်နယ်မှုခင်းအကူမှ ရဲအုပ်ကျော်ဆန်းအဖွဲ့၊ မုဒုံမြို့မရဲစခန်းမှ ခေတ္တနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဆန်းထွန်း၊ ရဲမေရဲတပ်သားခင်ခြူးခိုင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ ခတ္တာလမ်းနေ၊ ဒေါ်…….(၄၁)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအမျိုးသမီးဝတ်ဆင်ထားသော အဖြူရောင်ပေါ်တွင် အရုပ်နှင့်စာတန်းပါ မိန်းမဝတ်အင်္ကျီ၏ ယာဘက်အိတ်ကပ်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WYပန်းရောင်ဆေးပြား(၅၅၅)ပြား၊ WYအစိမ်းရောင်ဆေးပြား(၆)ပြား၊ စုစုပေါင်း (၅၆၁)ပြားနှင့် ဆင်းကဒ်နှစ်ကဒ်ပါ လက်ကိုင်ဖုန်းတစ်လုံးတို့အား ရှာဖွေပုံစံရေးသွင်းသိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဆေးပြားများအား အပြား(၂၀၀)ပါတစ်ထုပ်လျှင်(၄၀၀၀၀၀)ကျပ်နှုန်းဖြင့်(၃)ထုပ်အား အချမ်း (၂၅)နှစ်(နေရပ်လိပ်စာအတိအကျမသိ)သူထံမှ ဝယ်ယူခဲ့ပြီးရောင်းချရန်ပြုလုပ်နေစဉ် ဖမ်းဆီးခြင်းခံရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိသူ ဒေါ်……..နှင့်၎င်းမှတစ်ဆင့်ခံဝယ်ယူခဲ့သူ အချမ်းဆိုသူတို့အား ရဲအုပ်သန်းတင်မှ ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် မုဒုံမြို့မရဲစခန်းမှ မယ(ပ)၂၀/၂၀၁၆၊မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ဖြင့် သတင်းချက်ရေးဖွင့်ဖမ်းဆီးပြီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.