မုဒုံ စက်တင်ဘာ ၂၁

နှစ်စဉ်နွေရာသီရောက်တိုင်း ရေပြတ်လတ်မှုကြုံတွေ့နေရသည့် မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာ ရေရရှိရေးအတွက် လုပ်ငန်းအစီအစဉ်များအား စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာန ထံမှ သိရသည်။

“ကျွန်တော်တို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကင်းချောင်းကျေးရွာရဲ့နွေရာသီသောက်သုံးရေရရှိနိင်ရေးအတွက် စီမံချက်ရေးဆွဲပြီး စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီကိစ္စကိုလည်းလုံ/နယ်ဝန်ကြီးကိုလည်းတင်ပြထားတယ်။ ဝန်ကြီးကလည်းအဇင်းဆည်ရေသုံးစွဲခွင့်ရဖို့ကို သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ နှင့် ညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေပါတယ်။ ဆည်ရေသုံးစွဲခွင့်ရမည်ဆိုပါကကျွန်တော်တို့ဌာနကအကောင်အထည်ဖော်ဆောင်ရွက်မှုတွေပြုလုပ်သွားမှာပါ”ဟု ဦးမိုးရန်နိင်၊ မြို့နယ်ဦးစီးမှူး(ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန)၊လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)မှ သံလွင်တိုင်းမ်ကိုပြောသည်။

ကင်းချောင်းကျေးရွာသည် နေ့စဉ်ရေဂါလံ(၁၀၀၀၀)နှင့်အထက်တွင်အသုံးပြုလျှက်ရှိသည့် ရွာဧရိယာ (၂၁၉၂)စတုရန်းမိုင်အတွင်း အိမ်ခြေ(၃၀၄)လုံး၊ အိမ်ထောင်စု(၃၂၇)စုနှင့် လူဦးရေ(၁၆၃၇)ဦးတို့ ပြွတ်သိပ်စွာနေထိုင်ကြကြောင်းလည်းသိရှိရသည်။

“အရင်ကတော့ လုံလောက်တယ်။ နောက်ပိုင်း အိမ်ခြေရော၊ လူတွေရောများလာတော့ မလုံလောက် တော့ဘူး။ ရေရရှိဖို့ကန်တွေကို ဒီထက်နက်လို့လည်းမရဘူး။ ရေငန်ဝင်ပြီးသုံးမရဖြစ်သွားမယ်။ ကျေးလက်က လည်း ရေကန်တူးပေးဖို့ မြေတောင်တယ်။ ဒီမှာက မြေမှမရှိတာ လယ်သမားတွေကလည်း သူတို့လယ်မြေတွေကို အထိအခိုက်မခံကြဘူးလေ။ လယ်မြေကလည်း တစ်ဧကသိန်းနှစ်ဆယ်၊ သုံးဆယ်ဆိုနေတော့လည်း ဘယ်လိုမှဝယ်မနိင်တဲ့ အနေအထားလည်းဖြစ်တယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်မြင့်ကပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိင်ဦး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းကာ အဇင်းဆည်ရေအား(၂)လက်မPVCရေပိုက်လိုင်းသွယ်တန်း ခြင်းကို ကျေးလက်ဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်ရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။
mudon
အဇင်းရေလှောင်တမံမှ ကျေးရွာရေကန်အတွင်းရေသွယ်တန်းခြင်းအား ကျေးလက်မှစီမံချက်နှစ်မျိုးရေးဆွဲထားပြီး သိန်းပေါင်း(၆၆၀)ကုန်ကျမည့် ကွမ်တာအဝဆည်မြောင်းလက်တံမှ ကျေးရွာထိ(၅)မိုင်အရှည်ရေသွယ်တန်းခြင်း(သို့)အဇင်းရေလှောင်တမံရေထွက်မှကျေးရွာသို့(၈)မိုင်အရှည် သိန်းပေါင်း(၉၇၀)ကုန်ကျမည့်ရေသွယ်တန်းခြင်းများဖြစ်ကြကြောင်းလည်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.