ရေး ၊ စက်တင်ဘာ ၂၂

ရေးမြို့နယ်အတွင်း အိမ်ယာနှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများတွင် သစ်အစားထိုးအဖြစ် သံဖရိန် ဖြင့် ဆောက်လုပ်လာနေမှု များပြားလာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူများ၏ ပြော ကြားချက်အရ သိရသည်။

ယင်းအစားထိုးအသုံးပြုလာခြင်းကို ရေးမြို့နယ်တွင် ၂၀၁၄ ခုနှစ်က စတင်တွယ်ကျယ်လာပြီး လက်ရှိ အချိန်တွင် နေအိမ်ဆောက်လုပ်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ဆီဆိုင်ကြီးများ၊ ဆေးရုံ နှင့် သာသနိကအဆောက်အအုံများ ဆောက်လုပ်ရာတွင် အများဆုံးအသုံးပြုလာနေသည်ဟု ယင်း လုပ်ငန်းလုပ်ကိုင်သူ ဦးဆန်းအေးက သံလွင်တိုင်းမ်သို့ ပြောသည်။

“ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက စလာတယ်၊ ခုဆိုရင် အဆောက်အဦတွေဆောက်လုပ်ရာမှာ သစ်ကို လုံးဝမသုံးသလောက်ဖြစ်နေပြီ၊ အဆောက်အဦဖရိန်၊ အမိုး၊ ဒိုင်းတွေကအစ တိုက်ချုပ်၊ ကျဉ်းဘောင်၊ တံခါးရွက်၊ အခန်းဖွဲ့စည်းပုံကအစ ရာနှုန်းပြည့်နီးပါး သံကို အစားထိုးအသုံးပြုလာကြတယ် ” ဟု

၎င်းက ပြောသည်။

သစ်များ အလွန်အကျွံထုတ်ယူမှုကြောင့် သစ်တောများပြုန်းတီးလာပြီး သစ်များရှားပါးလာကြောင်း၊ လက်ရှိအသုံးပြုနေသော သစ်များသည်လည်း သက်တမ်းမမှီ၍ သစ်နုများသုံးစွဲခြင်းဖြင့် အဆောက် အဦးများဆောက်လုပ်ရာတွင် အဆင်မပြေမှုများရှိလာကြောင်း ယင်းကဲ့သို့အကြောင်းအချက်များ ကြောင့် သံများဖြင့် အစားထိုးသုံးစွဲလာကြခြင်းဖြစ်သည်ဟု ယင်းလုပ်ငန်းလုပ်ကိုင်သူများက ပြော သည်။

“ သံအစားထိုးအသုံးပြုမှုရဲ့အားသာချက်က သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောထိန်းသိမ်းရာရောက် တယ်၊ ခံနိုင်ရည်အားအနေနဲ့ သစ်ထက် နှစ်ဆခန့် ခံနိုင်ရည်ရှိတယ်၊ သဘာဝဘေးအန္တရာယ်ကိုလည်း ခံနိုင်ရည်ရှိတယ်၊ ကုန်ကျစရိတ်အနေနဲ့လည်း လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သက်သာတယ်၊ တည်ဆောက်ချိန်က သစ်အိမ်ထက်ကို တိုတယ်၊ အားနည်းချက်ကတော့ အားသာ ချက်ထက် နည်းပါတယ် ” ဟု ဦးဆန်းအေးကဆိုသည်။

building-ye-wooden-replacement

အဆိုပါလုပ်ငန်းအတွက် ကုန်ကြမ်းအနေဖြင့် ကိုးရီးယား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့မှ တင်သွင်းသော သံအမျိုးအစားများကိုအသုံးပြုကြပြီး ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှ သံအမျိုးအစားကို လုပ်ကိုင်ရာတွင် အဆင်ပြေသည့်အတွက် ပိုမိုသုံးစွဲကြကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

“ အလုပ်ရှင်တွေကတော့ ပုံစံနှစ်မျိုးနဲ့လုပ်ကြတယ်၊ ပုတ်ပြတ်စနစ်နဲ့၊ လက်ခစားစနစ်နဲ့ပေါ့၊ ခန့်မှန်း တွက်ချက်တဲ့အတိုင်းနီးပါးကုန်ကျတယ်၊ အလေအလွင့် နည်းတယ်၊ အလုပ်သမားမှန်ရင် ရက်ချိန်း အတိအကျနီးပါးပြီးပြတ်လို့ စိတ်ဝင်စားတယ်၊ လေ့လာနေတယ် ” ဟု ဒေသခံတစ်ဦးက သုံးသပ်သည်။

ရေးမြို့နယ်ရှိ ယင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် သံကုန်ကြမ်းများကို ရန်ကုန်မြို့ရှိ အရောင်း ကုမ္ပဏီမှ တိုက်ရိုက်မှာယူကြပြီး အထူအပါးအလိုက်တစ်တန်လျှင် အနိမ့်ဆုံး ၆ သိန်းမှ အမြင့်ဆုံး ၈ သိန်းခန့်အထိ ဈေးရှိကြောင်း သိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.