မုဒုံ၊ စက်တင်ဘာ ၁၉

မုဒုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဗြောက်အိုး၊ မီးရှုးမီးပန်း ရောင်းဝယ်ပစ်ဖောက်ခြင်းအား တား မြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားဝင်အမိန့်ထုတ်ပြန်လိုက်သည်။<!--more-->

“အဓိကမဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်ဖို့ကြိုတင်ကာကွယ်တဲ့သဘောပါ။ နယ်မြေ လုံခြုံရေးအရ သိပ်အရေးကြီးတဲ့အတွက် ဒီအမိန့်ကိုထုတ်ရခြင်းဖြစ်တယ်။ ယိုးဒယားဘက်ကလာတဲ့ မီးရှူး၊ မီးပန်းတွေကသေနတ်သံထက်ကို ပိုကျယ်တယ်။ မီးပန်းလွှတ်သံလား သေနတ်သံလားထင်ယောင်ထင်မှားဖြစ်စေတယ်။ ဒါကိုဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများက အခွင့်အရေးတစ်ရပ်လိုအသုံးချပြီး ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများပြုလုပ်လာနိင်တယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထင်ကသံလွင်တိုင်းမ်ကိုပြောသည်။

တားမြစ်ချက်များကို မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အများပြည်သူသိရှိ လိုက်နာနိုင်ရေးအတွက် အသံချဲ့စက်များဖြင့်ကျယ်ကျယ်ပြန့်ပြန့်အသိပေးကြေငြာရန်နှင့် ကြေငြာသင်ပုန်းများ တွင် ကပ်ထားကြရန် ဖြန့်ဝေထားသလို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ပြည်နယ်၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအပါအဝင် မုဒုံမြို့နယ်ယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်တရားသူကြီးရုံး၊ မြို့နယ်ဥပဒေရုံးနှင့် ကမာဝက်မြို့အုပ်ရုံး များသို့လည်း ဖြန့်ဝေထားကြောင်းသိရှိရသည်။

မြို့မ(၂)ရပ်ကွက်နေသူဒေါ်ဖြူဖြူလွင်က “ဒီလိုအမိန့်ထုတ်လိုက်တော့ကောင်းတယ်။ ဘာလို့လဲဆိုရင်ဟိုတစ်နေ့ည၊ ညဉ့်နက်နေပြီး မီးပန်းဖောက်တာ အိပ်နေတဲ့ကလေးကလန့်နိးပြီးကြောက်စိတ်နဲ့အဖျားရောဂါပါ ရသွားတယ်။ ဖောက်တဲ့သူတွေကအပျော်ဆိုပေမဲ့လည်းအများသူငါအတွက်တော့အနှောက်အယှက်ဖြစ်စေတဲ့ အတွက်ဒါကိုထိထိရောက်ရောက်ဆောင်ရွက်သင့်တယ်”ဟုဆိုသည်။
welcome-mudon
“အဓိကရောင်းတဲ့သူရှိလို့ ဖောက်ကြတယ်ပေါ့။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း အသိပေးထား သလို စာသင်ကျောင်းတွေမှာလည်းဒါနဲ့ပတ်သက်ပြီး ကျောင်းသူ၊ကျောင်းသားတွေကို အကျိုး၊အပြစ်တွေသိအောင်ပြောကြားပေးဖို့ သက်ဆိုင်ရာကျောင်းအုပ်တွေကိုအသိပေးထားတယ်။ ဆက်လက်ရောင်းနေသေးတယ်ဆိုရင်ဖော်ထုတ်ဖို့ ပထမအကြိမ်ပစ္စည်းသိမ်း၊ခံဝန်ထိုးပေါ့။ ဒုတိယအကြိမ်ကျူးလွန်ရင်တော့တည်ဆဲဥပဒေအရ အရေးယူမှုတွေဆောင်ရွက်သွားမယ်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

မုဒုံမြို့တွင် ယခုနှစ်၌ မီးရှူး၊မီးပန်းပစ်ဖောက်ခြင်းအား စက်တင်ဘာ(၁၆)ရက်နေ့မှစတင် ညပိုင်းများ တွင် မြန်မာနိင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ ရပ်ကွက်ဆယ်စုမှူးများက လှည့်ကင်းများဖြင့် လှည့်လည်ကြည့်ရှု ခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.