ဖွံ့ဖြိုးစ၊ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုသည် တစ်မျိုးမျိုးသော အာဏာရှင်စနစ်ကို ကြုံတွေ့ခဲ့ရ၊ ဖြတ်သန်းခဲ့ရ သည်းချည်းဖြစ်သည ်။ မြန်မာနိုင်ငံသည်လည်း အဆိုပါ နိုင်ငံများတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။

     ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများကို တိုင်းရင်းသားမျိုနွယ်စုများ အပါအဝင် မြန်မာနိုင်ငံ ပြည်သူများ ဖြတ်သန်းခဲ့ကြရပြီး ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အသွင်းကူးပြောင်းရေး အတွက် တာထွက်ဟု ဆိုနိုင်ပါသည်။ အုပ်ချုပ်သူအာဏာရှင်များက ကြီးမှူးကျင်းပသော ရွေးကောက်ပွဲ ကြီးလည်း ဖြစ်သည်။ ရွေးကောက်ပွဲ အပြီး ပြည်သူအများစု မကြိုဆိုသည့် အာဏာရှင်များမှ ဆင်းသက်လာသော အစိုးရ တက်လာသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော ပါတီကြီး တစ်ခု ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်ပွဲရခဲ့သည်။ လွတ်လပ်ပြီး တရားမျှတသော အထွေထွေ ရွေးကောက်ပွဲဟု နိုင်ငံတကာမှ မှတ်ချက်ပြုကြသော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော ပါတီကြီးက တောင်ပြိုကမ်းပြို အနိုင်ရပြီး ပြည်သူ အများ ကြိုက်သော အစိုးရ ပေါ်ထွက်လာခဲ့သည်။                                     

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင် တိုင်းရင်းသားမျိုးနွယ်စုများကို ကိုယ်စားပြုသော ပါတီများ သည် ၂၀၁၀ ရွေးကောက်ပွဲသကဲသို့ပင် ဝင်ရောက်ယှဉ်ပြိုင်ကြပြန်သည်။ မွန်အမျိုသားတို့ကို ကိုယ်စားပြုသော ပါတီ ( ၃ )ခုတို့က မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စသည့် ဒေသ (၃) ခုတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ မွန်ပြည်နယ်တွင် ( ၆၁ ) ဦး၊ ကရင်ပြည်နယ်တွင် ( ၉ )ဦး၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် (၁၁)ဦး၊ စုစုပေါင်းကိုယ်စားလှယ်လောင်း (၉၁) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြည်သူ့ လွှတ်တော် တွင် ( ၂၁) ဦး၊ အမျိုးသားလွတ်တော်တွင် ( ၂၅ ) ဦး၊ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်တွင် ( ၄၅ ) ဦးဖြစ် ကြသည်။

မွန်ကိုယ်စားပြု ပါတီများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ဒေသ ( ၃) ခုတွင် မဲလာထည့်မှုအခြေအနေကို အောက်ပါအတိုင်းတွေ့ရသည်။

ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်အမျိုးအစား မဲပေးသူရာခိုင်နှုန်း

တနင်္သာရီ ပြည်သူ့လွှတ်တော် ၆၂.၈၂ အမျိုသားလွှတ်တော် ၆၂.၈၀ တိုင်းဒေသကြီးလွှတ်တော် ၆၂.၈၂

မွန် ပြည်သူ့လွှတ်တော် ၅၁.၃၄ အမျိုးသားလွှတ်တော် ၅၁.၂၈ ပြည်နယ်လွှတ်တော် ၅၁.၀၂

ကရင် ပြည်သူ့လွှတ်တော် ၄၆.၇၃ အမျိုသားလွှတ်တော် ၄၆.၅၆ ပြည်နယ်လွှတ်တော် ၄၆.၁၄

       တိုင်းဒေသကြီးနှင့် ပြည်နယ် ( ၁၄ ) ခုရှိသည့် အနက် မဲလာပေးသူ အနည်းဆုံးသည် ကရင်ပြည်နယ်၊ ဒုတိယ အနည်းဆုံးသည် မွန်ပြည်နယ်၊ တတိယ အနည်းဆုံးသည် တနင်္သာရီတိုင်းဒေသကြီးတို့ ဖြစ်ကြပြီး မဲလာပေးသူ အနည်းအများ တန်းစီးဇယားတွင် ကရင်ပြည်နယ်သည် အမှတ်စဉ် - ၁၄ ၊ မွန်ပြည်နယ်သည် အမှတ်စဉ် - ၁၃ ၊ တနင်္သာရီတိုင်းဒေသကြီးသည် အမှတ်စဉ် - ၁၂ ဖြင့် အနည်းဆုံးဒေသ ( ၃ ) ခုဖြစ်ခဲ့ကြ သည်။ ကရင်ပြည်နယ်၊ ပြည်နယ်လွှတ်တော် ( တိုင်းရင်းသားလူမျိုး ) ( မွန် ) အတွက် မဲလာမေးသူသည် မဲဆန္ဒရှင်များ၏ ၃၈.၂၄ ရာခိုင်နှုန်း မဲလာပေးကြောင်း တွေ့ရသည်။

မွန်ပြည်သူလူထုတို့သည် ၁၉၄၇ -တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အထိရွေးကောက်ပွဲများစွာကို ဖြတ်သန်းခဲ့ကြပြီး ဖြစ်သည်။ ၂၀၁၅ – အထွေထွေ ရွေးကောက်ပွဲ တွင် ကြောက်ခမန်းလိလိ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့ကြသည်ကို မွန်ပြည်သူများအကြား တွင် တွေ့ရသည်။ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ဆိုရမတတ်ပင် ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းနှင့် သြဇာခံအုပ်ချုပ်ရေးမှုးများ၊ ဆေးဆရာများ၊ ကျောင်းဆရာများအဖွဲ့၊ လူထုလမ်းပြတွေ့ဆုံပွဲ ဆိုသည့်ရွေးကောက်ပွဲ အကြိုလူထုစည်းဝေးပွဲများ၊ ဂိုဏ်အုပ်ဦးစီး သံဃာဂိုဏ်း/ ဂိုဏ်းအုပ် ဆရာတော်များ အစုအဖွဲ့၊ ကျောင်ထိုင်ဆရာတော်များ၊ ညှိနှိုင်းရေးအမည်ခံ သံဃာများအဖွဲ့၊ ရဟန်း ပျိုများအဖွဲ့ ၊ မိမိတို့စိတ်ကြိုက်ကိုယ်စားလှယ်လောင်းများ ရွေးချယ်နေရာချထားရေး သံဃာအစုအဖွဲ့၊ မွန်လူငယ် များ ၊ M 23 နှင့် အုပ်စုငယ်အဖွဲ့ ၊ ဒေသလူမှုအဖွဲ့အစည်းများ ၊ မကြုံစဖူး ထူးထူးကဲကဲနေ့နေ့ညည စာပေဟော ပြောပွဲ အမည်ခံ ဟောပြောပွဲများ၊ ကြိုတင်စစ်တမ်း ကောက်ယူထုတ်ပြန်သော အမည်ခံသည့်အဖွဲ့၊ ငှားရမ်းခ နှုန်းထားနှင့် ငှားရမ်းခ ပုံစံအမျိုးမျိုးပြောင်းလဲနေသော ဖြေဖျော်ရေး တေးဂီတအဖွဲ့ စသည်ဖြင့် ထဲထဲဝင်ဝင် တက်တက်ကြွကြွ လှုပ်ရှားဆောင်းရွက်ခဲ့ကြသည်။

တစ်ဦးကိုတစ်ဦး အပုပ်ချ တိုက်ခိုက်ချင်း၊ ပါတီတစ်ပါတီက အခြားတစ်ပါတီကို အပုပ်ချ တိုက်ခိုက်ခြင်း၊ ရိုးသားသော မဲဆန္ဒရှင်ပြည်သူများအား မမှန်သောစကား၊ အကျိုးမရှိစေသော စကား၊ မဖြစ်နိုင်သော ကတိက ဝတ်များပေးခဲ့မှု၊ အချို့ အချို့သော အောက်ခြေတာဝန်ရှိသူများက ဥပဒေ နည်ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် အညီ ဆောင်ရွက်ခဲ့မှု ရှိ/မရှိ၊ ခြိမ်းခြောက်မှု ရှိ/ မရှိ ၊ အဓမ္မ အတင်းအကြပ် ရှိ/ မရှိ၊ လွန်လွန်ကျူးကျူး ဆောင် ရွက်ခဲ့မှု ရှိ/ မရှိ ကိုလည်း ကာယကံရှင်များနှင့် ဒေသခံများသာ အသိဆုံးဖြစ်ပါမည်။ ထို့သို့သော ရွေးကောက်ပွဲ တွင် မွန်ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ( ၉၁ ) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်အနက် ( ၄ ) ဦးသာ အနိုင်ရ ခဲ့သည့်အတွက် အနိုင်ရမှု ရာခိုင်နှုန်းသည် ( ၄.၃၉ ) ရာခိုင်းနှုန်းသာ ရှိရမည်ဖြစ်ပါသည်။ ပြည်သူ့လွတ်တော်၊ ကရင်ပြည်နယ်လွှတ်တော် ၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်များတွင် အနိုင်ရသူမရှိ၊ ကိုယ်စားပြုမှု ( ဝ.၀၀ ) ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော် အနိုင်ရသူ ( ၁ ) ဦး၊ ကိုယ်စားပြုမှု ( ဝ.၄၅ ) ရာခိုင်နှုန်း၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုမှု ( ဝ.၁၅ ) ရာခိုင်နှုန်း၊ မွန်ပြည်နယ် လွှတ်တော် အနိုင်ရသူ ( ၃ ) ဦး၊ ကိုယ်စားပြုမှု     ( ၉.၆၀ ) ရာခိုင်နှုန်း သာရှိပါမည်။ ဤကိုယ်စားပြုသည်မှုသည် ၂၀၁၅ ရွေးကောက်ပွဲ အပြီးမွန်အမျိုးသားတို့ ရရှိလိုက်သည့်ရွေးကောက်ပွဲ ရလာဒ်ကြီးပင်ဖြစ်သည်။ အလားတူပင် လွှတ်တော်အဆင့်ဆင့်တွင် အခြားသော တိုင်းရင်းသား လူမျိုးများ၊ တိုင်းရင်းသား လူမျိုးများ ကိုယ်စားပြု ပါတီများရရှိလိုက်သော ကိုယ်စားပြုမှုသည် လည်း အလွန့်အလွန်နည်းပါးသည်ဟု ဆိုရပါမည်။ ၂၀၁၅ ရွေးကောက်ပွဲမှ တိုင်းရင်းသားများ အားလုံးခံစား ရရှိလိုက်သည့် တူညီသော အကျိုးဆက်ဟု ဆိုရပါမည်။ ဤအကျိုးဆက်သည် အနည်းဆုံး  ( ၅ ) နှစ်တာမျှ ရှည်ကြာပါမည်။ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်များတို့တွင် ခံစားနိုင်ရန် အခွင့်အလမ်းရှိသည်ဟု ဆိုနိုင် သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁၊ ပြဌာန်းချက်အရ အဆိုပါ အခွင့်အလမ်း မရရှိခဲ့သည်ကို လည်းတွေ့ရသည်။                                      မွန်တစ်ပါတီ တည်းဖြစ်ခဲ့လျှင်ဆိုသည့် အတွေးဖြင့် လေ့လာလိုက်သည့်အခါ ပြည်သူ့လွှတ်တော် ( ရေး ) ၊ ကရင်ပြည်နယ်လွှတ်တော် ( ကော့ကရိတ် - ၁ ) ၊ မွန်ပြည်နယ်လွှတ်တော် ( ကျိုက္မရော - ၂၊ သံဖြူဇရပ် - ၂ ) တို့တွင် မွန်ကိုယ်စားပြု ပါတီများ၏ မဲရရှိမှု အခြေအနေကို ဤသို့တွေ့ရပါမည်။

လွှတ်တော် မဲဆန္ဒနယ် အနိုင်ရပါတီ မွန်နှစ်ပါတီပေါင်းရမဲရာခိုင်နှုန်း

ပြည်သူ့လွှတ်တော် ရေး ၄၁.၄၅ ၄၃.၂၉

ကရင်ပြည်နယ်လွှတ်တော် ကော့ကရိတ်- ၁ ၂၈.၆၇ ၂၉.၅၄

မွန်ပြည်နယ်လွှတ်တော် ကျိုက်မရော- ၂ ၂၈.၆၀ ၃၃.၃၄

            သံဖြူဇရပ် - ၂       ၃၈.၆၀           ၄၂.၉၀

မွန်တစ်ပါတီတည်းဖြစ်ခဲ့လျှင် ဤသို့တွေးနိုင်ပါသည်။ သို့သော် မွန်တစ်ပါတီ တည်းဝင်ရောက်ယှဉ်ပြိုင် သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်/ တိုင်းဒေသကြီး ရှုံးနိမ့် မဲဆန္ဒနယ်မြေ ( ၂၃ ) ခုတွင် မွန်ကိုယ်စားလှယ် များသည် မဲ ( ၁၅ ) ရာခိုင် နှုန်းအထက် ( ၁ ) ဦး၊ (၁၀ ) ရာခိုင်းနှုန်း အထက်မှ ( ၁၅ ) ရာခိုင်းနှုန်းအထိ ( ၃ )ဦး၊ ( ၅ ) ရာခိုင်နှုန်းအထက်မှ ( ၁၀ ) ရာခိုင်းနှုန်းအထိ ( ၁၂ )ဦး၊ ( ၅ ) ရာခိုင်းနှုန်း အောက် ( ၇ ) ဦး၊ အသီးသီးရရှိကြသည်။ အထက်ပါ အခြေအနေများ အားလုံးကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင် ထဲထဲဝင်ဝင် တက်တက်ကြွကြွ လှုပ်ရှား ခဲ့သူများ အပါအဝင် မွန်တမျိုးသားလုံး အနုလုံ ပဋိလုံ ဃဃနန စဉ်းစားဝေဖန်ပိုင်းခြားရန် လိုအပ်ပါမည်။ ဓမ္မဓိဌာန်ကျရန်လည်း လိုအပ်ပါမည်။ ဤမျှနှင့်လည်း လုံလောက်ဦးမည် မထင်ပါ။ ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ အပါအဝင် ၁၉၆၀ အထိ ပါလီမန်ရွေးကောက်ပွဲများ၊ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲများအားလုံး၏ အခြေအနေနှင့် ရလာဒ်ကို စနစ်တကျ ပြန်လည်သုံးသပ်ပြီး အကောင်းဆုံး နည်းဗျူဟာ၊ မဟာဗျူဟာတစ်ရပ်ကို မွန်အမျိုးသားတို့အတွက် ရှာဖွေဖော်ထုတ်ရန် လိုအပ်ပါမည်။
mm
အပစ်အခတ်ရပ်စဲရေး ၊ NCA စာချုပ်၊ နိုင်ငံရေး ဆွေးနွေးပွဲ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုသည့် အသံများသည် ပဲ့တင်သံနှင့်အတူ ကျယ်ကျယ်လောင်လောင် မြည်ဟီးလာနေပြီ၊ ဖွ့ဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း ထက်ချပ်မကွာ လိုက်လာပါတော့မည်။ အနာဂတ် မွန်အမျိုးသားတို့၏ ကံကြမ္မာက အဘယ်နည်း ၊ တရားသေ အတွေး၊ တရားသေ အမြင်၊ တရားသေဝါဒ၊ တရားသေ နည်းဗျူဟာများဖြင့် တည်ဆောက်နေကြဦးမည်ဆိုလျှင် ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမည်သာ။ ။

ဒေါက်တာမင်းနွယ်စိုး (၁၉ . ၇ . ၂၀၁၆ )

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.