ရေး၊ စက်တင်ဘာ ၅

ရေးမြို့နယ်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို စီစဉ်ပေးမည့်သူများရှိပါက ကူညီသင်ကြားပေးမည်ဖြစ်ကြောင်း ရေးမြို့နယ်နေ မြန်မာ့ရိုးရာသိုင်းပညာတက်မြောက်သူ ဦးတင်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

“ ဒီအားကစားနည်းက ကိုယ်ရောစိတ်ပါ ကြံ့ခိုင်စေတဲ့ အကျိုးရှိတဲ့ ကစားနည်းဖြစ်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာမယ် ကိုယ်ရည်ကိုယ်သွေးတွေကောင်းလာမယ် မြန်မာ့ရိုးရာသိုင်းပညာဖြစ်တဲ့အတွက် အမျိုး ဂုဏ်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်” ဟု ၎င်းကပြောသည်။

တစ်ပါးသူအား အနိုင်မကျင့်ရန်၊ မစော်ကားရန်၊ မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့်သာ ၎င်းပညာရပ် ကို ထုတ်သုံးရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ မျိုးဆက်သစ်လူငယ်တွေအတွက် ဒီပညာရပ်ကို သင်ကြားပေးဖို့ စီစဉ်တဲ့လူရှိရင် အသင့်ပါပဲ ဆရာ တွေကို လည်း ဖိတ်ခေါ်ပေးမယ်။ အင်္ဂလိပ်လက်ထက်ကတည်းက သူတို့ကို တော်လှန်မှာစိုးလို့ ဒီပညာရပ်တွေ ကို ဖွံ့ဖြိုးမှုမရှိအောင် နှိပ်ကွပ်ထားခဲ့တာ။ လျှို့ဝှက်ထိန်းသိမ်းလာခဲ့လို့သာ ရှင်သန်နေတာ။ မျိုးဆက်သစ်တွေကို စနစ်တကျတက်မြောက်စေချင်ပါတယ်” ဟု သိုင်းသင်တန်းဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဦးတင်ဦးက ပြောကြား သည်။

မိမိတို့ဦးစီးဌာနအနေဖြင့် လက်တလောတွင် အစီအစဉ်မရှိသေးသော်လည်း စီစဉ်ပေးမည့်သူများရှိပါက တက် နိုင်သည့်ဘက်က ကူညီပေးမည်ဖြစ်ကြောင်း ရေးမြို့နယ် အား/ကာ မှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်မိုးက ပြော သည်။

“ ဒီခေတ်မှာ လူငယ်တွေက သိတဲ့အတိုင်းပဲ အားကစားလုပ်တာ အတော်နည်းလာပြီ။ ဒီလို သိုင်းပညာရပ်က ဘာပဲပြောပြော တက်ထားသင့်တယ်လို့မြင်တယ်။ အရေးကြုံလာရင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့အပြင် ယုံကြည့်မှုလည်း ရှိစေမှာပါ ” ဟု အောင်မေတ္တာရပ်ကွက်နေ ကိုနိုင်စိုးက ၎င်း၏ အမြင်ကို ပြောသည်။

ရေးမြို့နယ်တွင် အရေးအခင်းကာလနောက်ပိုင်း မြန်မာ့ရိုးရာသိုင်းပညာရပ်နှင့်ပတ်သက်ပြီး အခြေခံပညာ ကျောင်းသား/သူ ၆၀ ခန့်အား ၁၅ ရက်ခန့် သင်ကြားပို့ချ ပေး ခဲ့ဖူးသည်ဟု ဦးတင်ဦးက ပြောသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.