မော်လမြိုင်၊ စက်တင်ဘာ ၈

ခေါဇာမြို့နယ်ခွဲရှိ မန်းကျည်းချောင်းဝရွာသား ၂ ဦးသေနတ်ပစ်သတ်ခံရသည့် အမှုကိစ္စနှင့် ပတ်သက်ပြီး ၆ လကြာသွားသော်လည်း တစုံတရာထူးခြားမှုမရှိကြောင်း ကာယကံရှင်နှင့် အမှုမှန် ပေါ်ပေါက်ရန်လိုက်လံကူညီဆောင်ရွက်ပေးနေသည့် လူမှုအဖွဲ့အစည်းတို့က ပြောသည်။

အမှုကိစ္စနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးရန်အတွက် ကာယကံရှင် နှင့် အမှုအတွက် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတို့က စက်တင်ဘာ ၈ ရက်တွင် မော်လမြိုင်မြို့၌ သတင်းစာရှင်းလင်းပွဲနှင့် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

“သေဆုံးသွားသူ ၂ ဦးက အခု ၆ လ ပြည့်သွားပြီး အကျိုးအကြောင်းဘာမှလဲမသိရဘူး၊ အကြောင်းပြန်ပေးတာလဲမရှိဘူး၊ ကော်မရှင်ကလဲ လာစစ်သွားတယ်၊ မှုခင်းစစ်ဆေးရေးအထူးရဲတပ်ဖွဲ့ ကလဲ လာစစ်သွားတယ်” ဟု အမှုမှန်ပေါ်ပေါက်ရန်အတွက် ကူညီဆောင်ရွက်ပေးနေသည့် မွန်လူငယ် ကိုစိုးသိန်းက ပြောသည်။
ma-kyi-villager-kill-by-burma-military-01
အမှုနှင့် ပတ်သက်ပြီး ကမ်းရိုးတန်းစစ်ဌာနချုပ်သို့သွားရောက်စုံစမ်းခဲ့သော်လည်း အထက် အမိန့်မကျသေးသည့်အတွက် ဘာမှ လုပ်ထားတာမရှိကြောင်း ပြောဆိုခဲ့သည်ဟုလည်း၎င်းက ဆက်ပြောသည်။

သေဆုံးသူ ဦးမိုး၏ အစ်ကို ဦးချဲကလည်း အမှုနှင့် ပတ်သက်ပြီး ဘာမှမကြားရကြောင်း ဘယ်လိုလုပ်ဆောင်ထားသည်ကိုလည်း သိရှိလိုကြောင်းအမှုမှန်ပေါ်ပေါက်စေလိုကြောင်း ပြောသည်။

အမှု သွားရောက်စစ်ဆေးခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က အကျဉ်းတရားရုံးနှင့်

စစ်တရားရုံးတို့က စစ်ဆေးထားပြီးဖြစ်ကြောင်း နောက်ဆုံးအခြေအနေမရောက်သေးသည့်အတွက် မည်သို့ဆုံးဖြတ်ထားသည်ကိုမသိသေးကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ပြောသည်။

“ကာကွယ်ရေးဝန်ကြီးဌာန သူတို့ အကျဉ်းတရားရုံးနဲ့ စစ်တရားရုံးက သူတို့ စစ်ထားပြီးပြီ၊ ဘယ်လိုဆုံးဖြတ်ထားတာလဲဆိုတာတော့ ဆရာတို့ မသိနိုင်သေးဘူး။ နောက်ဆုံးအခြေအနေ မရောက် သေးဘူး၊ ဆရာတို့ သိသလောက်တော့ အပြစ်က ဘာပေးထားလဲဆိုတာ မသိရသေးဘူး အပြစ်တော့ ပေးမှာဘဲ” ဟု ၎င်းက ပြောသည်။

မန်ကျည်းချောင်းဝရွာသား တံငါသည် ဦးမိုးနှင့် မောင်ချစ်စိုးတို့ ၂ ဦးကို ကမ်းရိုးတန်းတပ် တပ်ရင်းအမှတ် ၂၈၀ က ဗိုလ်ကြီးက မတ်လ ၈ရက်တွင် မှားယွင်းပစ်ခတ်မိသည်ဟု ခေါဇာမြို့နယ် ရဲစခန်းမှာ ထွက်ဆိုထားကြောင်း သိရသည်။

သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.