နေပြည်တော်၊ စက်တင်ဘာ ၂

မိုင်ဂျာယန်အစည်းအဝေးဆုံးဖြတ်ချက်မှ (၃)ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မလာသည့်အတွက် ၂၁ပင်လုံညီလာခံမှာ တန်းတူမှုမရှိဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံမှ သိရသည်။

14191910_488892264568628_4923213048479982843_n

ပြီးခဲ့သည့် ဇူလိုင်လတွင်ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များမျက်နှာစုံညီ မိုင်ဂျာယန်အစည်းအဝေး တွင် ၂၁ပင်လုံဆွေးနွေးပွဲတွင် အစိုးရတဖွဲ့ တပ်မတော်တဖွဲ့ လွှတ်တော်တဖွဲ့ဖြစ်လာရန် ဆွေးနွေးခဲ့သည်ဟု UNFC ဒုက္ကဌ၊မွန်ပြည်သစ်ပါတီဒုဥက္ကဌ နိုင်ဟံသာကပြောသည်။

“ဒို့အရင်ရင့်တုန်းက ဆွေးနွေးလာတာက (၃)ပွင့်ဆိုင်ကိုအခြေခံဖို့၊ အခုက(၅)ပွင့်ဆိုင်လိုလို (၇)ပွင့်ဆိုင်လိုလို ဖြစ်နေတာလေ အဲဒါကတကယ့်သဘာဝမကျဘူး တန်းတူညီမျှမှုမရှိဘူးလို့ကျနော်တို့မြင်တယ်” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ပင်လုံကို နေပြည်တော်တွင် သြဂုတ်လ ၃၁တွင်စတင်ကျင်းပခဲ့ပြီး အမြင်သဘောထားမျာတင်ပြရာတွင် အစိုးရ၊လွှတ်တော်၊တပ်မတော်၊နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်များ အသီးသီးတင်ပြခဲ့သည်။

ထိုကဲ့သို့ တန်းတူမှုမရှိသည့်အပေါ်တွင် ထွက်လာသည့်အဖြေသည်လည်း တရားမျှတသည့် အဖြေလည်းထွက် လာမှာမဟုတ်ပဲ နိုင်ငံရေးဆွေးနွေးရေးမူဘောင်ကို အခြေခံပြီး ဆက်ဆွေးနွေးသွားရန် လိုအပ်ကြောင်းလည်း နိုင်ဟံသာက ပြောသည်။

“အဆုံးအဖြတ်ပေးတဲ့အခါကျရင် အဓိကပြဿနာကလေ ဒီတိုင်းရင်းသာလက်နက်ကိုင်နဲ့ အစိုးရဘက်က တပ်မတော်လည်းအပါအဝင်ပေါ့နော် အဲဒါကအဓိကထိပ်တိုက်နေတဲ့အင်အားစုပဲ ကြားကနိုင်ငံရေးပါတီက ထိန်းပေးရမယ့်အနေအထားရှိမှ အင်အားချင်းမျှတယ်ပေါ့ဗျာ။ လက်ရှိမှာ အစိုးရကသီးသန့် လွှတ်တော်က သီးသန့် တပ်မတော်ကိုသီးသန့် သူတို့အုပ်စုခွဲလိုက်တော့ မဲပေးရမယ့်ဆိုရင်တော့ သူတို့(၃)မဲရနေပြီး ကျွန်တော် တို့ တစ်မဲပဲဆိုတော့ တရားမျှတမှုမရှိဘူးလို့မြင်ပါတယ်”ဟုလည်း ဆက်ပြောသည်။

၂၁ပင်လုံညီလာခံသို့ ပါဝင်သင့် ပါဝင်ထိုက်သူများအနေဖြင့် တက်ရောက်လာသူ ဦးခွန်ဆိုင်းက တိုင်းရင်းသား လက်နက်ကိုင်ဘက်မှ လိုအပ်ချက်တမျိုး အစိုးရဘက်မှလုပ်ရာတွင်တမျိုးဖြစ်နေပြီး ၂၁ပင်လုံမှာ အချင်းချင်း အချိန်ယူပြီး ညှိနှိုင်းထားခြင်းမရှိသည့်အတွက် နောင်ဆက်လက်ပြုလုပ်မည့်ညီလာခံများတွင် ညှိနှိုင်းပြီး ဆွေးနွေးရန် လိုကြောင်းပြောသည်။

“ဘယ်နည်းနဲ့မဆို ကိုယ်လိုချင်တာကို အားလုံး ၁၀၀ရာခိုင်နှုန်းရမှာမဟုတ်ဘူး။ ကံကောင်းရင် (၅၀)ရာခိုင်နှုန်း ရမယ့်ဟာလည်းရှိတာပေါ့။ လျော့ပြီးရတာလည်းရှိတာပေါ့။ အစိုးရဘက်ကတော့ အနည်းဆုံး တစ်ပန်းသာနေ တယ်လို့ပြောလို့ရတယ်ပေါ့”ဟု ၎င်းကဆက်ပြောသည်။

ညီလာခံအဖွင့်ပွဲနေ့တွင် စုစုပေါင်း လူဦးရေ ၁၆၀၀ ကျော်တက်ခဲ့ပြီး ကျန်ရက်များတွင် ၇၅၀ ဦး တက်ရောက်ကြ မည်ဖြစ်ပြီး ထိုအထဲတွင် အစိုးရမှ ၇၅ ဦး၊ လွှတ်တော်မှ ၇၅ ဦး၊ တပ်မတော်မှ ၁၅၀ ဦး၊ နိုင်ငံရေးပါတီများမှ ၁၅၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ၂၀၀ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ်များမှ ၅၀ ဦးနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ၅၀ ဦးတို့ တက်ရောက်ခဲ့ကြသည်။

သတင်းနှင့် ဓါတ်ပုံ – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.