မော်လမြိုင်၊ ဇူလိုင် ၂၇

မျက်မမြင်များအရေး ကူညီမှုပြုလုပ်ပေးနိုင်ရန် မွန်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ မျက်မမြင်ရေးရာအရပ်ဘက်ကော်မတီတစ်ခုကို ဇူလိုင်၂၇ရက်နေ့က လူပုဂ္ဂိုလ်(၅)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

n8

မြန်မာနိုင်ငံမျက်မမြင်များအသင်းသည် မွန်ပြည်နယ်ရုံးခွဲအားမော်လမြိုင်မြို့ သီရိမင်္ဂလာ အိမ်ယာ အခန်းအမှတ် N/003တွင်၂၀၁၆ခုနှစ်၊ မတ်လ(၅)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်၂၇ ရက်နေ့ကမော်လမြိုင် မြို့ရာမညဟိုတယ်တွင် မွန်ပြည်နယ် CSO အဖွဲ့များကို ဖိတ်ကြားတွေ့ဆုံကာ အသင်း၏ ရပ်တည်မှုအခြေအနေ များကို ရှင်းပြမိတ်ဆက်အပ်နှံခဲ့သည်။

ထိုအခမ်းအနားတွင် မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ အမှုဆောင်ဒါရိုက်တာ ဒေါ်ခွန်နူးကရှင်းပြရာ၌ အသင်းအား ကမ္ဘာ့ကုလသမဂ္ဂကိုချိတ်ဆက်လုပ်ဆောင်ရာမှ ကမ္ဘာ့မျက်မမြင်များသမဂ္ဂသို့ဝင်ရောက်နိုင်ခဲ့ကြောင်း၊ ဒိန်းမတ်နိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုရခဲ့ပြီး ၂၀၁၇ခုနှစ်အထိပူးပေါင်းလုပ်ဆောင်နိုင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် မျက်မမြင်များ၏ဘဝ ရပ်တည်ရေးအတွက် အကူအညီပေးနိုင်ရန်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ဇူလိုင်(၂၇)ရက်နေ့က မော်လမြိုင်မြို့ ရာမညဟိုတယ်၌ပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်အရပ်ဘက်အဖွဲ့များမှ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး မျက်မမြင်များကို ကူညီမှုပြုလုပ်ပေးသွားရန် သဘောတူညီခဲ့ကြပြီး အဖွဲ့ဝင်(၅)ဦးပါဝင်သည့် “မျက်မမြင်များရေးရာအရပ်ဘက်ကော်မတီ”အား ဖွဲ့စည်းခဲ့ သည်။

၂၀၁၄ သန်းခေါင်စာရင်းစစ်တမ်းဖြင့် လဝကဌာနက ထုတ်ပြန်ထားသည့်စာရင်းအရ မွန်ပြည်နယ်တွင်အမြင်အာရုံချို့တဲ့သူ (၆)သောင်းကျော်ရှိသော်လည်း မျက်စိနှစ်လုံးလုံးမမြင်သူစာရင်းအား အသင်းအစီအစဉ်ဖြင့်လိုက်လံကောက်ယူရာ၌ ကျိုက်ထိုမြို့တွင် (၃၁)ဦး၊ ဘီးလင်းမြို့တွင် (၇၂)ဦး၊ ပေါင်မြို့တွင် (၁၂)ဦး၊ သထုံ မြို့တွင် (၄၈)ဦး၊ ချောင်းဆုံမြို့တွင် (၄၅)ဦး၊ ကျိုက်မရောတွင် (၃)ဦး၊ မုဒုံမြို့တွင် (၄)ဦး၊ သံဖြူဇရပ်တွင် (၃)ဦး၊ ရေးမြို့တွင် (၃)ဦး စသဖြင့် စာရင်းကောက်ယူရရှိထားကြောင်း၊ မွန်ပြည်နယ်မှလူငယ် (၂)ဦးကို မျက်မမြင်ကျောင်းသို့ပို့ဆောင်ကူညီထားနိုင်ပြီဖြစ်ကြောင်း မျက်မမြင်အသင်းမွန်ပြည်နယ်ရုံးခွဲမှ ဦးဂမ်ဖန်က ပြောဆိုခဲ့ သည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.