မုဒုံ ဇူလိုင် ၁၉

မုဒုံမြို့၊မြို့မ(၂)ရပ်ကွက်၊ဣစ္ဆာသယသာသနာ့ဗိမ္မာန်ဝင်းအတွင်း စိုက်ထူထားရှိသည့်အာဇာနည်(၂၆)ဦးမော်ကွန်းတိုင်အားပထမဦးဆုံးလွမ်းသူ့ပန်းခြင်းနှင့်ပန်းခွေချဂုဏ်ပြုခြင်းများဇူလိုင်(၁၉)ရက်၊အာဇာနည်နေ့၊နံနက်တွင်အားမာန်သစ်လူငယ်အဖွဲ့မှပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့(၆၉)ကြိမ်မြောက်အာဇာနည်နေ့တွင်အာဇာနည်(၂၆)ဦးမော်ကွန်းတိုင်အားဂုဏ်ပြုခြင်းနှင့်ပတ်သက်၍ “ကိုယ့်မြို့ကလူကြီးပိုင်းရောလူငယ်တွေကဒီမော်ကွန်းတိုင်ရှိတာကိုမသိကြဘူး။ အနည်းဆုံးတော့ဒီလိုနေ့တွေမှာအာဇာနည်ကျောက်တိုင်အားဂုဏ်ပြုဦးညွှတ်သလို ဒီမှာလည်းဂုဏ်ပြုသင့်တယ်။ သူတို့တွေလည်းမြန်မာ့လွတ်လပ်ရေးအတွက်ကြိုးပမ်းမှုသမိုင်းမှာကိုယ်နိင်ရာ စွမ်းရာပါဝင်ရင်းအသက်ပေးသွားကြတဲ့သူတွေပဲ ကိုယ့် မြို့ကလူတွေလာစေချင်တယ်၊ ပြန်အာရုံစိုက်လာအောင်ဖော်ထုတ်တဲ့သဘောပါ”ဟုအားမာန်သစ်လူငယ်အဖွဲ့မှ ကိုသိန်းဇော်ကသံလွင်တိုင်းမ်ကိုပြောသည်။

အဆိုပါအာဇာနည်(၂၆)ဦးမော်ကွန်းတိုင်သည် ယခင်ကလူတစ်ဦးချင်းဆီအလိုက်နာမည်များအားသစ်လုံးတွင်ထွင်ကာစိုက်ထူထားပြီးအာဇာနည်ကုန်းအဖြစ်ခေါ်ဆိုခဲ့ကြသည်ဟုလည်းလေ့လာသိရှိရသည်။သို့သော်လည်းနှစ်ပေါင်းများစွာကြာမြင့်လာခြင်းနှင့် ယင်းမြေပေါ်တွင်သာသနာ့ဗိမာန်တည်ဆောက်လာခြင်းကြောင့်ပျက်စီးဆုံးရှုံးခဲ့ရပြီး၊(ဗမာ့တပ်မတော်၊စက်အမြောက်တပ်၊အရာခံဗိုလ်၊ဗိုလ်အောင်ကျော်သစ်လုံးထွင်းတိုင်တစ်ခုတည်းသာပြန်လည်စိုက်ထူထားရှိသည်)။ လက်ရှိအာဇာနည်ကျောက်တိုင်သည်လည်းမြို့နယ်စည်ပင်သာယာရေးရုံး စိုက်ရာဝင်းအတွင်းတွင်လည်းကောင်း၊ အာဇာနည်(၂၆)ဦးမော်ကွန်းတိုင်သည်လည်းသာသနာ့ဗိမာန်ဝင်းအတွင်း ၌လည်ကောင်းတည်ရှိကာ စည်းရိုးပိုင်းခြားခြင်းခံနေရကြောင်းလည်းသိရှိရသည်။

အာဇာနည်(၂၆)ဦး၊မော်ကွန်းတိုင်အား ၂၀၀၂ခုနှစ်တွင်ဆရာကြီးဦးမြင့်နှစ်(၁၀၀)ပြည့်ဖြစ်မြောက်ရေး အဖွဲ့မှရာပြည့်အမှတ်တရအဖြစ်စုစည်းကာစိုက်ထူခဲ့ပြီးနောက် ဆယ်စုနှစ်တစ်စုထက်မနည်းပြည်သူလူထုနှင့်ဝေး ကွာကာ နှစ်စဉ်ခြုံနွယ်၊ပေါင်းမြက်များလွှမ်းမိုးခြင်းခံခဲ့ရကြောင်းလည်းသိရှိရသည်။

“ဒီကိုတော့ သွားလာရင်တွေ့နေရတဲ့ သာသနာ့ဗိမာန်ထဲမှာဆိုတော့အလှူရှင်ကဗ္မည်းကျောက်စာလား၊ သာသနာ့ဗိမာန်ဆောက်တဲ့ကျောက်စာလို့ဘဲထင်ခဲ့တယ်”ဟုမြို့ခံတစ်ဦးဖြစ်သူကိုအောင်ကျော်ကပြောသည်။

အာဇာနည်(၂၆)ဦးမော်ကွန်းတိုင်အားယခုနှစ်အာဇာနည်နေ့အမှီခြုံနွယ်များရှင်းလင်းခြင်း၊ရေညှိရေမှော်များဆေးကြောခြင်း၊ဆေးသုတ်ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းလည်းသိရသည်။

မော်ကွန်းတိုင်၏မြောက်ဘက်မျက်နှာတွင်၊မော်လမြိုင်ခရိုင်၊အာဇာနည်(၂၆)ဦး၊အာဇာနည်မော်ကွန်း တိုင်တွင်”ဤအာဇာနည်(၂၆)ဦးတို့သည်အမိမြန်မာနိင်ငံတော်လွတ်လပ်ရေးနှင့်အမျိုးသားလွတ်မြောက်ရေး အတွက် မော်လမြိုင်ခရိုင်တွင် ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၅)ခုနှစ်၌အသက်စွန့်လှူခဲ့ကြသည်”ဤအမှတ်တရမော်ကွန်းတိုင်ဖြင့်အာဇာနည်ပုဂ္ဂိုလ်များအားထာဝရဂုဏ်ပြုအပ်ပါသည်ဟုရေးသားထားပြီး အရှေ့ဘက်တွင်”အာဇာနည်(၂၆)ဦးတို့၏ အမည်များဖြစ်သော
mudon-arzarni-day
(၁)သခင်ကျော်ဇ ချောင်းဆုံ
(၂)ဦးကြူဖေ ချောင်းဆုံ
(၃)သခင်ကွန်သောင်း မုဒုံ
(၄)ကိုခင်မောင်ကြီး မော်လမြိုင်
(၅)ဦးချစ်သွင် ရွှေဂွန်း
(၆)ကိုငြိမ်းမောင် မုဒုံ
(၇)ကိုစောလွင် ဘာအံ
(၈)သခင်စံခင် လက်ပံတန်း
(၉)ကိုစံတင် မော်လမြိုင်
(၁၀)သခင်စံမင်း ကျိုက္ခမီ
(၁၁)ရှင်စန္ဒန ဘီလူးကျွန်း
(၁၂)ဦးစိန်ဖေ …………….
(၁၃)ကိုဉာဏ်ထွန်း မော်လမြိုင်
(၁၄)ကိုတင်ဦး မုဒုံ
(၁၅)ကိုထင်ပေါ် မုဒုံ
(၁၆)ဦးထွန်းကြည် ရွှေဂွန်း
(၁၇)ဦးထွန်းငွေ ဇာသပြင်
(၁၈)ဦးနန္ဒသာရ ချောင်းဆုံ
(၁၉)ကိုပါငယ် မော်လမြိုင်
(၂၀)ကိုဖေဆိုင် မုဒုံ
(၂၁)သခင်ဘိုးမှဲ့ ထားဝယ်
(၂၂)ဦးမြ သံတွဲ
(၂၃)ဦးဝင်းသိန်း မင်းလှသား
(၂၄)သခင်သာဟန် ချောင်းဆုံ
(၂၅)သခင်သာဦး မုံရွာ
(၂၆)ဦးအောင်သောင်း မုဒုံ တို့ဖော်ပြပါရှိသည်။

၎င်းတို့သည်မော်လမြိုင်အကျဉ်းထောင်မှတဆင့်မုရောင်းသုဿာန်တွင်ကွပ်မျက်ခြင်းခံရသည်ဟုလည်းမြို့ခံသက်ကြီးအချို့၏ပြောပြချက်အရလည်းသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.