မော်လမြိုင်၊ ဇူလိုင် ၁၄

ပြည်ထောင်စုဝန်ကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်အား မွန်အမျိုးသားပါတီမှ ပါတီ အတွင်းတာဝန်လျှော့ထားမှုအပေါ် ပြန်လည်စိစစ်ပေးရန် ၎င်းမှတောင်းဆိုစာတင်ပြခဲ့သည်ဟု သိရသည်။

၂၀၁၆ ခု မေလ(၉)ရက်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံရပြီးနောက် မေလ (၃၁)ရက်တွင် ပြုလုပ် သောဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ဒုဥက္ကဌ(၁)မှ ဗဟိုကော်မတီဝင်အဆင့်သို့ လျှော့ချမှုအပေါ် လုံးဝလက်မခံနိုင်ကြောင်းဇွန်လ (၂၀)ရက်တွင်တင်ပြစာပေးပို့ခဲ့သည်။

“ကျနော်အားအပြစ်ရှိသဖြင့်တာဝန်မှ လျှော့ထားမှုဆုံးဖြတ်ချက်သည် ကျနော်၏ဂုဏ်သိက္ခာအား အလွန်အမင်း ထိခိုက်စေပါသည်။ ယင်းဆုံးဖြတ်ချက်အားဥက္ကဌကြီးအနေဖြင့်သမာသမတ်နည်းလမ်းကျစွာ ပြန်လည်စီစစ်ပေး နိုင်ပါရန်ကျနော်အနေဖြင့် မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်”ဟု နိုင်သက်လွင်၏တင်ပြစာတွင်တွေ့ရသည်။

ပြည်ထောင်စုအစိုးရ အဖွဲ့တွင်တာဝန်ယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ကမ်းလှမ်းခြင်းကို သက်ဆိုင်ရာမိခင်ပါတီကို ဆက်သွယ်ထားခြင်းမရှိပဲ ပုဂ္ဂိုလ်ရေးအရကမ်းလှမ်းခြင်းသာဖြစ်သည်ဟုလည်း ပါတီဝင်တချို့က ပြောဆိုထားသည်။

တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် မူလက သျှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီမှ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်အားတာဝန်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းမှငြင်းပယ်လိုက်သည်ဟု သျှမ်း သံတော်ဆင့်သတင်းဌာနမှဖော်ပြထားသည်။

မွန်အမျိုးသားပါတီမှ အထွေအထွေအတွင်းရေးမှူး နိုင်လယီတမက “သူတင်ထားတဲ့စာက ဗဟိုကော်မတီ ဆုံးဖြတ်ချက်နဲ့လွဲနေတယ် သူပြည်ထောင်စုအဆင့်ရာထူးဝင်သွားလို့ ရာထူးချထားတာမဟုတ်ပါဘူး ပါတီထဲမှာ သူဝင်ပြီးလုပ်ကိုင်လို့မရတဲ့အတွက် သူ့နေရာမှာအစားထိုးတာပါ”ဟု ပြောသည်။

ပါတီအနေဖြင့် နိုင်သက်လွင်အား ဗဟိုကေ်ာမတီဝင်နေရာတွင် ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး တင်ပြ ထားစာတွင် ပါတီဗဟိုကော်မတီဆုံးဖြတ်ချက်အားပြန်လည်စီစစ်ပေးပါရန်နှင့် ပါတီအရေးပေါ် ညီလာခံခေါ်ယူ ပေးနိုင်ပါရန် တင်ပြခြင်းနှင့်ပတ်သက်၍ ပါတီအတွင်းမည်သည့် ညွှန်ကြားချက်မှလုပ်ကိုင်ရန် မရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

မွန်အမျိုးသားပါတီဝင်ထားသူသည် ပြည်ထောင်စုအကျိုးကိုသယ်ပိုးရမည်ဟု ပါတီ၏စည်းမျဉ်းစည်းကမ်းချက် ပါရှိသည့်အပေါ်တွင် သမ္မတဦးထင်ကျော်မှတာဝန်ပေးအပ်သည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်လက်ခံခဲ့ပြီး ပါတီ၏ခံယူချက်မှာ ပါတီ၏မူဝါဒလမ်းစဉ်နှင့် တူညီမှုရှိပါက မည်သည့်ပုဂ္ဂိုလ် မည် သည့်အဖွဲ့အစည်းနှင့်မဆို ပြည်သူအတွက်အတူတကွလက်တွဲဆောင်ရွက်နိုင်သည်ဟု တင်ပြစာတွင် ရေးသား ထားသည်။

သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.