ရေး ၊ ဇူလိုင် ၁၃

မွန်ပြည်နယ်အစိုးရအပါအဝင် ရေးမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသတွင်း ဌာနဆိုင်ရာ များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ထိတွေ့ဆက်ဆံနိုင်ရေး အတွက် ရေးမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြုမည့် ကိုယ်စားလှယ် ၁၁ ဦးကို ဇူလိုင်လ ၁၃ ရက်နေ့ က ရွေးချယ်ခဲ့သည်ဟု သိရသည်။

ye-local-people-gov
ဇူလိုင်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းက ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ မြမြင့်မိုရ်ဟိုတယ်တွင် အရပ်ဘက်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲပြဿနာများ အား ဌာနဆိုင်ရာများနှင့် တွေ့ဆုံညှိနှိုင်းနိုင်ရန် ကြိုတင်ပြင်ဆင်သော ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် ကိုယ်စားလှယ် ၁၁ ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းဆွေးနွေးပွဲကို ဦးဆောင် ကျင်းပ ခဲ့သူတစ်ဦးဖြစ်သည့် ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့(Y.S.S)အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သံလွင် တိုင်းမ်သို့ ပြောသည်။

“တက်သမျှ Network တွေအထဲကမှ ဦးဆောင်ကော်မတီလို့လဲပြောလို့ရတယ်၊ အရပ်ဘက်အဖွဲ့အစည်း အားလုံးရဲ့ကိုယ်စားလှယ်လို့လဲ ပြောလို့ရတဲ့ ၁၁ ယောက်အဖွဲ့ကို ဖွဲ့စည်းလိုက်နိုင်ခဲ့တယ်။ ဒီ ၁၁ ယောက်အဖွဲ့ ဟာ သက်ဆိုင်ရာတွေနဲ့ထိတွေ့ဆက်ဆံမှုတွေကိုလုပ်တဲ့နေရာမှာ အတူတကွ ပူးပေါင်းလုပ်ကြမယ်၊ ဒီမှာဆွေး နွေးချပြတဲ့ခေါင်းစဉ်တွေကိုသဘောတူကြတယ်၊ ကျွန်တော်တို့ဒေသတွင်းမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်တွေ ပေါ်ပေါက်လာဖို့ ဒေသတွင်းဦးတည်ပြီးစလုပ်တာပါ။ ” ဟု ၎င်းက ဆိုသည်။

ယင်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အကျင့်ပျက်ခြစားမှုများ၊ လူကုန်ကူးမှုပြဿနာများ၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံလိုအပ်ချက်များ၊ မြေယာမှုခင်း အငြင်းပွားမှုအခြေအနေများ၊ လျှပ်စစ်မီးဆိုင်ရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါးပြဿနာများကို တက်ရောက် လာကြသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ တာဝန်ရှိပုဂ္ဂိုလ်များက ဆွေးနွေးတင်ပြခဲ့ကြသည်။

“ ဒီအဖွဲ့က သူတို့လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေမှာ ဖြစ်ပေါ်နေတဲ့ ဆောင်ရွက်ချက်တွေ၊ အခက်အခဲတွေ၊ တွေ့ရှိချက်တွေကို ဒေသဆိုင်ရာအုပ်ချုပ်မှုအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းကူညီပူးပေါင်း ဆောင် ရွက်ပေးမှာပါ။ ဌာနဆိုင်ရာတွေအနေနဲ့ ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်ပေးလို့ရှိရင် သူတို့လုပ်ငန်းတွေ ကိုလဲ ကူညီရာရောက်မယ်။ မှန်ကန်တဲ့သတင်းအချက်အလက်တွေလဲ ပေးလာနိုင်မယ်။ ဌာနဆိုင်ရာတွေနဲ့ ပြည်သူကြားမှာ နားလည်မှုရပြီးတော့ လုပ်ငန်းတွေ၊ စီမံကိန်းတွေအကောင်အထည်ဖော်တဲ့နေရာမှာ ပိုပြီး အောင်မြင်ဖွံ့ဖြိုးတိုးတက်လာမယ်။ တက်ရောက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအားလုံးရဲ့ သူတို့ကျင်လည်တဲ့ သူတို့ဒေသမှာဖြစ်ပျက်တဲ့အချက်အလက်၊ အခက်အခဲတွေ သယ်လာမယ်၊ အဲဒီအချက်အလက်တွေက ကျွန်တော်တို့ဆီကိုရောက်မယ်၊ ထိတွေ့ဆက်ဆံမယ်၊ ပြန်ပြီးတော့ အပြန်အလှန် သတင်းစီးမျောမယ်၊ အပြန် အလှန်ထိန်းညှိသွားမယ်၊ လာမယ့် သြဂုတ်ပထမပတ်မှာ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံဖို့လုပ်မယ်။ အများကြီး ကြိုးစားရမှာပါ” ဟု ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။

တက်ရောက်ဆွေးနွေးသူ ကိုယ်စားလှယ်တစ်ဦးက “ ရေးမြို့နယ်မှာက CSO တွေအနေနဲ့ Network အသွင် မဖြစ်ကြသေးဘူး၊ CSO တွေအနေနဲ့ ကျစ်လစ်ခိုင်မာတဲ့စုစည်းမှုမျိုးနဲ့ ခုလုပ်တဲ့ရည်ရွယ်ချက်အတိုင်း လုပ် သွားနိုင်ခဲ့မယ်ဆိုရင်တော့ ဒေသဖွံ့ဖြိုးတိုးတက်လာမှာပေါ့ ” ဟု မှတ်ချက်ပြုသည်။

အဆိုပါဆွေးနွေးပွဲကို (Y.S.S) နှင့် (L.R.C) အဖွဲ့တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ရေးမြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.