မော်လမြိုင်၊ ဇူလိုင် ၁၂

မွန်ပြည်နယ် ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် မွန်ဓါးပြအဖွဲ့များကို မွန်ပြည်သစ်ပါတီမှခွဲထွက်သည့် တပ်ဖွဲ့မဟုတ်သည့်အတွက် မွန်ပြည်သစ်ခွဲထွက်အဖွဲ့မဟုတ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောဆိုလိုက် သည်။

nmsp-nai-win-hla

ခွဲထွက်ရေးအဖွဲ့အဓိပ္ပါယ်မှာ တာဝန်ထမ်းဆောင်စဉ်ခွဲထွက်သည့်အဖွဲ့ကိုသာ ခွဲထွက်ရေးအဖွဲ့ဟု ခေါ်ဆိုနိုင်ပြီး ၁၉၉၅ခုနှစ် အပစ်အခတ်ရပ်စဲရေးလုပ်ပြီးနောက်ပိုင်းတွင် မွန်ပြည်သစ်မှ ခွဲထွက်သည့်အဖွဲ့ ၂ဖွဲ့သာရှိပြီး ကျန်ရှိ သည့်အဖွဲ့များမှာ ၎င်းတို့ပါတီမှ ခွဲထွက်သည့်အဖွဲ့များမဟုတ်ကြောာင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

“မွန်ခွဲထွက်အဖွဲ့သုံးနှုန်းနေတာရှိတယ်။ ဓါးပြကိုဓါးပြလို့သုံးရင် ကိစ္စမရှိဘူး။” ဟု ၎င်းက ဆက်ပြောသည်။

ဇွန်လ၂၃ရက် ရေးတောင်ပိုင်းနှင့် ကမ်းရိုတမ်းစစ်ဌာနချုပ်နယ်မြေတွင် လှုပ်ရှားနေသည့် နိုင်လွေး(ခ) နိုင်လှသောင်းဦးစီးသည့် မွန်သီးခြားလက်နက်ကိုင်မှ အင်အား(၂၀)ဦးသည် တပ်မတော်ထံလက်နက်အပြီးပိုင် အပ်နှံကာ အလင်းဝင်ရောက်လိုသည့်အတွက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးခိုင်စိုးလင်း ဦးစီးတပ်ခွဲဖြင့် တနသာၤရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကျိုက်မင်းမလွတ်တောင်ခြေရှိ ၎င်းလက်နက်ကိုင်အဖွဲ့ အား သွားရောက်ခေါ်ဆောင်ခဲ့ပြီး အမှတ်(၁၉) သို့ရောက်ရှိကာ လက်နက်ချအလင်းဝင်ခဲ့သည်။

တနသာၤရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပေါက်ပင်ကွင်းကျေးရွာတွင် အစိုးရထံလက်နက်အပ်ရာတွင် ပါဝင်သည့် အလွန်၊အဆောင်းဦးစီးသည့် လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆက်ကြေးငွေများ အတင်းအဓမ္မတောင်းခံခြင်း များပြုလုပ်နေသည်ဟု ဒေသခံ၏ပြောကြားချက်များကို မွန်သတင်းအေဂျင်စီက ဖေဖေါ်ဝါရီ ၁၉ ရက်တွင်ဖော်ပြ ထားခဲ့သည်။

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် နယ်မြေဆက်စပ်လျှက်ရှိသည့် ရေဖြူမြို့နယ်တို့တွင် မွန်လူမျိုးအများ စုနေထိုင်သည့် ကျေးရွာများအနီးတဝိုက်တွင် ၂၀၀၀ခုနှစ်နောက်ပိုင်းမှစတင်၍ မွန်ခွဲထွက်အမည်ခံပြီး ပြန်ပေး-ဓါးပြအဖွဲ့များ ပေါ်ပေါက်ခဲ့ပြီး ဆက်ကြေးငွေတောင်းခံလှုပ်ရှားလျှက်ရှိသည်။

ခေါဇာမြို့နယ် အတွင်း (ဒေသအခေါ်)မွန်ဓားပြများမှာ ဒေသခံများကို မကြာခဏ အနုကြမ်းစီးခြင်း၊ ပိုက်ဆံ တောင်းခြင်း၊ ဓားပြတိုက်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများ ပြုလုပ်နေရာ ရဲတပ်ဖွဲ့နှင့် တပ်မတော်က ဝိုင်းဝန်းရှာဖွေ ဖမ်းဆီးခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်နေရကြောင်း၊ ခေါဇာမြို့မ ရဲစခန်းတွင် ဓားပြတိုက်ခံသည်ဟုဆိုကာ လာရောက်ဖွင့်ထားသည့် အမှု ၅ မှုထက်မနည်းရှိနေကြောင်း ခေါဇာမြို့မ ရဲစခန်းမှ သိရသည်။

သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.