မော်လမြိုင်၊ ဇူလိုင် ၇

ယခုလက်ရှိ အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်နိုင်ရေးအတွက် လက်တွဲခေါ် ဆောင်မှုအားနည်းနေသည်ဟု အမျိုးသမီးလှုပ်ရှားသူများအဖွဲ့က ပြောသည်။

women-acti-mon-state
ယခင်အစိုးရလက်ထက်တွင်လည်း အမျိုးသမီးပါဝင်ခွင့်ရရန် တောက်လျှောက်တောင်းဆိုနေခဲ့သော်လည်း ပိုမိုပါဝင်လာနိုင်မည်ဟုထင်ထားသည့် အစိုးရသစ်လက်ထက်တွင်လည်း ထိရောက်မှုများကိုမမြင်ရသေးကြောင်း မွန်အမျိုးသမီးအဖွဲ့(MWO)မှ ဒုဥက္ကဌ မိကွန်းချမ်းနွန်က ပြောသည်။

“အစိုးရသစ်ကို အမျိုးသမီးပါဝင်ဖို့အတွက် ကျမတို့အမြဲတမ်းပြောနေတယ် အမျိုးသမီးအရေးကိုစဉ်းစားပေးရ မယ် အမျိုးသမီးပါဝင်ရမယ် ဒါပေမယ့်ဒီအချိန်ထိ သူတို့လုပ်နေတာကိုကြည့်မယ်ဆိုရင်နည်းနည်းမှ ခရီး မရောက်ဘူး အမျိုးသမီးအရေးပါဝင်ဖို့ သူတို့အားပေးနေတာမရှိပါဘူး” ဟုလည်း ၎င်းကပြောသည်။

၎င်းတို့အနေဖြင့် ပါဝင်ခွင့်မရသော်လည်း မွန်အမျိုးသမီးများကွန်ယက်(MWN)နာမည်ဖြင့် အမျိုးသမီးအရေး လှုပ်ရှားရန် ဖွဲ့စည်းထားသည့်အဖွဲ့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation-DPNနှင့် မွန်ပြည်သစ်ပါတီထံ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်တက်ရောက်နိုင်ရန် စာပို့ထားကြောင်းလည်း ဆက်ပြောသည်။

၂၀၁၁-၂၀၁၅ခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှုမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ပါဝင်မှု ၁၆ဦးထဲတွင် အမျိုးသမီး ၁ဦး၊ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(SD) ၁၅ဦးထဲတွင် ၂ဦး၊ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) ၅၂ဦးထဲတွင် ၂ဦး၊ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ၄၈ဦးထဲတွင် ၃ဦးနှင့် အမျိုးသမီးလုံးဝမပါဝင်သည့်အဖွဲ့များမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ(UPCC)၊တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)နှင့် ပြည်ထောင်စုအဆင့်ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-Union Level)တို့ဖြစ်သည်ဟု မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမူဝါဒများ လေ့လာသုံးသပ်ချက်နှင့် အကြံပြုချက်များ စာအုပ်တွင် တွေ့ရသည်။

“ငြိမ်းချမ်းရေးမှာဆုံးဖြတ်ချတဲ့နေရာမှာ ပါဝင်ဖို့ဆိုတာက ကျမသိတာက အမျိုးသမီးတွေကို နေရာပေးတာက မရှိသလောက်ဖြစ်နေတယ်ပေါ့နော် အာရုံစူးစိုက်မှုဆိုတာကပိုဝေးသွားမှာပေါ့နော် ဘာဖြစ်လို့လဲဆိုလို့ရှိရင် အခု အသစ်ဖွဲ့စည်းထားတဲ့ ၂၁ရာစုပင်လုံညီလာခံမှာ အမျိုးသမီးတွေပါဝင်မှုဆိုရင်လောလောဆယ်ဆိုရင် သုံးယောက်လောက်ပဲရှိသေးတယ် အာရုံစူးစိုက်မှုမရှိဘူးလို့လည်းပြောလို့ရတယ်နော် အမျိုးသမီးတွေမပါလည်း ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်သွားလို့ရမယ်လို့ယူဆတဲ့ သဘောမှာရှိတယ်” ဟုအမျိုးသမီးအတွက် ငြိမ်းချမ်းရေးအဖွဲ့ (WFFP) ဒါရိုက်တာ ဒေါ်သူဇာတင်ကပြောသည်။

အမျိုးသမီးများသည် ပဋိပက္ခနှင့် ငြိမ်းချမ်းရေးတွင် ကိုယ်တိုင်ပါဝင်သူများ၊အသက်ရှင် ကျန်ရစ်ခဲ့သူများနှင့် (ပဋိ ပက္ခဒဏ်)ခံစားခဲ့ကြရသူများအဖြစ် အမျိုးသားများ ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့်မတူပဲ သီးခြားပုံစံဖြင့် ပြည်တွင်းစစ်၏ အကျိုးဆက်ကို တွေ့ကြုံခံစားကြရပြီး ထိရောက်သောငြိမ်းချမ်းရေးနှင့် နိုင်ငံ၏ပြုပြင် ပြောင်းလဲ မှုလုပ်ငန်းစဉ်တခုဖြစ်ထွန်းစေရန် အမျိုးသမီးများအနေဖြင့် ပဋိပက္ခများကို ကာကွယ်ဖြေရှင်းနိုင်ရန် ဆုံးဖြတ်ချက် ချမှတ်သည့် အဆင့်တိုင်းတွင်ပါဝင်ရန်လိုအပ်သည်ဟု (tni)အစီရင်ခံစာတွင်တွေ့ရသည်။

(NCA)တွင် ရှင်းလင်းပြတ်သားမှုမရှိသည့်ကတိကဝတ်ဖြစ်သည့်`နိုင်ငံရေးဆွေးနွေးပွဲများတွင် သင့်တင့် လျောက်ပတ်သော အချိုးအစားဖြင့်အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်စေရမည်` (အခန်း၅၊ စာပိုဒ် ၂၃) ေ၀ဝါး၊မရှင်းလင်းသော စကားအထားအသိုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အဓိပ္ပါယ် ပြည့်ဝစွာပါဝင်ခြင်းကို အာမမခံနိုင်ပါဟုလည်း ဖော်ပြထားသည်။

ထို့နောက်မြန်မာနိုင်ငံအစိုးရက ၁၉၉၇တွင် အမျိုးသမီးများအားပုံစံအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခြင်းကို ပပျောက် စေရေးသဘောတူစာချုပ်(CEDAW) သဘောတူစာချုပ်ကို ကုလသမဂ္ဂတွင်လက်မှတ်ရေးထိုးထားပြီး စာချုပ် အရ အစိုးရအနေဖြင့် လိုက်နာရမည့်တာဝန်ဝတ္တရားများကိုလည်း တိုက်ရိုက်ချိုးဖောက်ရာရောက်သည်ဟုလည်း သုံးသပ်ထားသည်။

သတင်း – ချမ်းစွန်း (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.