မော်လမြိုင်၊ ဇွန် ၁၆

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်ရှိအစိုးရကြားငြိမ်းချမ်းရေးအတွက် ညှိနှိုင်းမှုများမြန်ဆန်သော်လည်း တိုးတက်မှုနှေးနေသည်ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

fb-adviser

အစိုးရသစ်အနေဖြင့် လက်နက်ကိုင်တိုင်းရင်းသားများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် တုံ့ပြန်မှု မြန်မြန်ဆန် ဆန်မရှိပဲ ၎င်းတို့အချင်းချင်းကြား ဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက် အဆင့်အဆင့်စောင့်ဆိုင်းနေရသည့်အခြေ အနေရှိနိုင်ကြောင်း ဦးစိုင်းညွန့်လွင့်က သုံးသပ်သည်။

“တချို့ကိစ္စက မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်မှ အဆင်ပြေမယ်။ အခုအစိုးရအဖွဲ့မှာ တုံပြန်မှုနှေးတယ်”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် ၈ ဖွဲ့က သမ္မတဟောင်းဦးသိန်းစိန်အစိုးရ လက်ထက် တွင် (NCA)ထိုးထားခဲ့ပြီး အပစ်မရပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့ရှိသည်။

၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ နှင့် RCSS/SSA၊ KNU၊ DKBA၊ KNU/KNLA-PC၊ ABSDF၊ ALP၊ CNF၊ PNLO စသည့် လက်နက်ကိုင် ၈ ဖွဲ့တို့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်းက ငြိမ်းချမ်းရေးကိစ္စဆွေးနွေး ဆောင် ရွက်ရာတွင် နှေးနေတာမဟုတ်ဘဲ လိုအပ်သည့်အချိန်ယူရသည်ဟု ပြောသည်။

“ကျနော်တို့ ငြိမ်းချမ်းရေးကိတ်စကအလွန်သိမ်မွေ့တယ်ဗျ။ အကြောင်းအရာ အချက်အလက် တွေကလည်း အမျိုးစုံပါတယ်။ အဲဒီလိုဟာမျိုးကိုအမြန်ကြီးရမယ်လို့ မျှော်လင့်နေရင်လည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီဥစ္စာကို နှေးတယ်လို့ပြောရင် နှေးတာမဟုတ်ပါဘူး။ ကိစ္စရပ်ကြောင့် လိုအပ်တဲ့အချိန်ကိုယူနေရတယ်လို့ အဲလိုပဲပြောချင် ပါတယ်” ဟု ၎င်းကဆက်ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဋ္ဌ အင်ဘန်လ အပါအဝင် အဖွဲ့ဝင်ဥက္ကဋ္ဌ များပါဝင်သောအဖွဲ့တို့ ရန်ကုန်မြို့၌ ဇူလိုင်လလယ်အတွင်း တွေ့ဆုံရန် မူအားဖြင့်သဘောတူကြောင်း တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် UNFC ၏ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation-DPN က ဇူလိုင် ၁ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂) နှင့် ခူဦးရယ် ဦးဆောင်သော DPN အဖွဲ့ဝင်များ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားရင်ကြား စေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာ NRPC ၌ တွေ့ဆုံဆွေးနွေးကြပြီးနောက် ယင်းကဲ့သို့ ကြေညာချက်ထုတ် ပြန်ခဲ့ ခြင်း ဖြစ်သည်။

(NCA)မထိုးထားသည့် မွန်ပြည်သစ်ပါတီ(NMSP)မှ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဝင်းလှကမူ လက်ရှိ အာဏာရပါတီနှင့် စစ်တပ်ကြားတွင် အမျိုးသားရင်ကြားစေ့ရေးဟုခေါ်သည့် ညှိနှိုင်းမှုများကို အရင် လုပ်ဆောင် နေကို တွေ့ရသည်ဟု ပြောသည်။

“အဲဒီအခန်းကဏ္ဍကပုံစံမကျသေးရင် ကျန်တဲ့ကိစရပ်အားလုံးကိုဖန်တီးလို့မလွယ်သေးဘူး။ အာဏာရပါတီနဲ့ စစ်တပ်က တစ်သံတည်း သဘောထားတစ်ခုတည်း ဖြစ်မနေရင် ငြိမ်းချမ်းရေးက ကြာသွားနိုင်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။

သတင်း – ချမ်းစွန်း (ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံးဖေ့ဘွတ်စာမျက်နှာ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.