ဌေးဝင်း
၂၀၁၆ခုနှစ် ဧပြီလအတွင်းက လေဖြတ်ခံရသဖြင့် ကျွန်တော် ဆေးရုံတက်ခဲ့ရသည်။ ကျွန်တော်တက်ရောက် ကုသခဲ့သော ဆေးရုံကား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၏ ခရိုင်မြို့တခုဖြစ်သော ဘန်းခေးမြို့ ၏ ဖက်ကဆင်လမ်းမကြီးပေါ်ရှိ ဖက်က ဆင် ၂ ဆေးရုံကြီး ဖြစ်၏။ ဆေးရုံတက်နေစဉ်ကာလအတွင်း ကျနော်၏တပည့်များ မိတ်ဆွေများ ဆွေမျိုးသားချင်းများ အပြင် ရဟန်းသံဃာများပါ နေ့စဉ် လာရောက်ကာ သတင်းမေးကြသည်။ အားပေးကြသည်။

ထိုဆေးရုံတွင် မြန်မာနိုင်ငံသား လူနာများအတွက် စကားပြန်အဖြစ် ခန့်ထားသူ မြန်မာပြည်သား နှစ်ယောက်ရှိ၏။ အမျိုး သား တယောက် နှင့် အမျိုးသမီး တယောက်ဖြစ်သည်။ အမျိုးသားအမည်က ကိုတိုးဝင်း။ သူက မွန်ပြည်နယ် မော်လမြိုင် သား။ အမျိုးသမီးမှာ မစိုးစိုးလှိုင်။ ရှမ်းပြည်နယ်သူ ဖြစ်သည်။ ကျွန်တော်ဆေးရုံတက်နေစဉ်ကာလအတွင်း အချိန်ရလျှင် ရသလို လာကြည့်ပြီး စကား စမြည် ပြောနေတတ်သဖြင့် ကိုတိုးဝင်းနှင့် ကျွန်တော် များစွာ ရင်းနှီးခင်မင် လာကြသည်။

သူကြုံတွေ့ခဲ့ရသော မြန်မာအလုပ်သမားများနှင့် ဆေးရုံပေါ်က ပြဿနာ အခက်အခဲ မျိုးစုံတို့ကို ပြောပြတတ်သည်။ ထို့ပြင် မြန်မာ အလုပ်သမား အများစု၏ အားနည်းချက်များကြောင့် ထိုင်းလူမျိုးတို့ထံတွင် အထင်သေး အမြင်သေး ခံရ သည်များကိုလည်း စီကာပတ်ကုံး ပြောပြ၏။ သူပြောပြသည့်အထဲတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား အကြောင်း မဟုတ် ဘဲ သူ၏ အဖွား ဒေါ်မှည့်မှည့် (ခ) ဖွားမှည့်မှည့် အကြောင်းလည်း ပါဝင်သည်။ ဖွားမှည့်မှည့်၏ စိတ်ဓာတ်နှင့် လောကဓံ တရားကို ခေါင်းငုံ့မခံဘဲ ရင်ဆိုင်ဖြတ်သန်းသွားခဲ့သည့် ဇာတ်လမ်းမှာ များစွာ စိတ်ဝင်စားဖွယ် ကောင်းသည်။ ကျွန်တော် ကား စာတိုပေစ ရေးနေသူဖြစ်သဖြင့် သူပြောပြသည့် ဖွားမှည့်မှည့် ဇာတ်လမ်းကို ခေါင်းထဲတွင် မှတ်တမ်း တင်ထားသည်။ ခေါင်းထဲတွင် မှတ်တမ်းတင်ရုံသာမက လက်တွေ့တွင်လည်း အကျိုးများစေရန် ရည်ရွယ်၍ ကိုတိုးဝင်းအား ဆေးရုံသို့ သတင်းလာမေးသူ ကျွန်တော့ တပည့်မ မနုနု (ခ) မခင်အေးနုကိုပါ ပြန်ပြောပြရန် မေတ္တာရပ်ခံခဲ့ရာ သူပြောပြခဲ့သည့် ဖွားမှည့်မှည့် ဇာတ်လမ်း မှတ်တမ်းကို စာဖတ်သူများထံသို့ ကလောင်သွားဖြင့် ထပ်ဆင့် ဖြန့်ချီ လိုက်ရပါသတည်း။

ဖွားမှည့်မှည့်ဆိုတာက ဒို့နဲ့ အဖွားတော်တယ်။ ကရင်ပြည်နယ် ကြာအင်းဆိတ်ကြီးမြို့နယ် သံပုရာရွာသူ။ အဖွားတို့ခေတ် က ကျောက်ပေါက်ကြတယ်။ ကျောက်ပေါက်တယ်ဆိုတာ အဲဒီခေတ်က ကျောက်ရောဂါဖြစ်လို့ လူတွေ အများကြီး သေခဲ့ တယ်။ ကပ်ဆိုက်တဲ့ရောဂါပေါ့။ လွန်ခဲ့တဲ့ အနှစ် ခုနစ်ဆယ် ရှစ်ဆယ်လောက်ကပေါ့။ အဲဒီမှာ ကြေကွဲဖို့ကောင်းတဲ့ ဇာတ် လမ်းတပုဒ်က ဒို့ ဖွားမှည့်မှည့် အကြောင်းပေါ့။ ဒို့ပြောပြမယ်။ ကျောက်ပေါက်တဲ့လူကို ရွာထဲမှာ နေခွင့်မပေးဘူး။ ရွာပြင် ထွက်နေရတယ်။ အဲဒီအချိန်မှာ ဖွားမှည့်ရဲ့ အမေက ကျောက်ပေါက်တယ်။ ဒါေကြောင့် ရွာအပြင်ကို ထွက်ရတယ်။ အမေ ရွာပြင်ကိုထွက်ရတော့ သမီးဖြစ်တဲ့ ဖွားမှည့်မှည့်ဟာ သူ့အမေကို တယောက်ထဲ ဘယ် ပစ်ထားရဲမလဲ။ အမေနဲ့အတူ ရွာ အပြင် လိုက်ထွက်ပြီးနေတာပေါ့။ ထန်းတဲလေးနဲ့ နေရတာ။ ဒီလိုနဲ့ ဆောင်းရာသီကနေစနေလိုက်တာ မိုးဦးကျလောက် လည်း ရောက်ရော အမေဟာ ဆုံးတာပေါ့။ ဖွားမှည့်ရဲ့အမေက ကျောက်ရောဂါနဲ့ ဆုံးတယ်ဆိုပေမဲ့ မျက်လုံးတွေ ဘာတွေ ပေါက်ထွက်မသွားဘူး။ ဆုံးတာလည်း ဖွားမှည့်လက်ပေါ်မှာ..နော်။ ဘယ်လောက် ကြေကွဲဖို့ ကောင်းသလဲ။ ကူမဲ့ ကယ်မဲ့ သူမရှိဘဲ ရွာပြင်မှာ သမီးလက်ပေါ်မှာ သေရရှာတာ။

အမေဆုံးသွားတဲ့နောက် ဒီကျောက်ရောဂါ ဇာတ်လမ်းကမဆုံးဘူး။ ဖွားမှည့်ကို ထပ်ကူးပြန်ရော။ ငါ့မှာ ကူးပြီ။ ကူးပြီဟေ့ ဆိုတော့ မိုးလည်းကျပြီ။ ကြေကွဲစရာ အဖြစ်လေးကို ပြောပြတာ။ ရောဂါကူးစက် ခံရပြီဆိုတော့ ဖွားမှည့်ဟာ ရွာထဲကို ပြန်ဝင်လို့ မရဘူး။ ကျောက်ဆိုတာက ခန္ဓာကိုယ်မှာ အဖုတွေ အပိန့်တွေ ခြင်ကိုက်သလို ပေါက်တာ။ အဲသလို ပေါက်ရာ ကနေ အသားပေါ်မှာ ချိုင့်ပြီး ဂလိုင်လို ဖြစ်လာတာ။ ကျောက်ပေါက်မဆိုတာ ကြားဖူးတယ် မဟုတ်လား များသောအားဖြင့် မျက်နှာမှာပေါက်တာ။ မျက်နှာမှာပေါက်တဲ့အခါကျတော့ ဘုလုံးတွေ ဖြစ်လာတာပေါ့။ ယင်ကောင်မျက်လုံးလို ပြူးထွက်နေ တာပေါ့။ ပြီးရင် အဲဒါကြီးက ပေါက်ထွက်တယ်။ ပေါက်ထွက်တဲ့ အချိန်မှာ ဘေးမှာ လူရှိလို့ရှိရင် အဲဒီလူကို ကူးတော့တာ ဘဲ။ ကျောက်ရောဂါ အပြင်းအထန်ဖြစ်ရင် သေတယ်လေ။ ဒီကျောက်ရောဂါကြောင့် မြန်မာပြည်အနှံ့ သေလိုက်ကြတာ သောက်သောက်လဲ။ တချို့ဆိုရင် မျက်လုံးတွေ ဘာတွေတောင် ပေါက်ထွက်တယ်။ အဖွားမှည့်မှာဆိုရင် မျက်လုံး နှစ်လုံး စလုံး ပေါက်ထွက်သွားတယ်။ မျက်လုံး ဟောက်ပက်ကြီး ဖြစ်သွားတယ်။ စုံလုံး ကန်းသွားတာပေါ့။

ဒါပေမဲ့ ဖွားမှည့်ဟာ အသက်တော့ မသေခဲ့ဘူး။ ဒီလိုနဲ့ ရောဂါလည်း သက်သာလာတဲ့အခါ သူ့ကို ရွာကို ပြန်သယ်လာကြ တယ်။ ရွာမှာ ပြန်နေခွင့် ရတယ်။ ပြန်နေတယ်ပေါ့။ ဒါပေမဲ့ ဖွားမှည့်ခမျာဟာ အပစ်ပယ်ခံ အနှိမ်ခံ ဘဝလေးနဲ့ နေခဲ့ရတာ ပေါ့။ ရွာကလူတွေက ကျောက်ပေါက်ထားတဲ့လူဆိုတော့ သူ့အိမ်ကို ပေးမလာချင်သလိုလို ကိုယ့်အိမ်ကို ပေးမလာချင် သ လိုလို လက်မခံချင်ကြဘူးပေါ့။ ခုခေတ် HIV / AIDS ရောဂါ ဖြစ်တဲ့ လူလို မျိုးပေါ့။ ဖွားမှည့်မှာ သူ့အမေဆီက လယ်ကွက် ကလေး တကွက်လား နှစ်ကွက်လား အမွေရတယ်။ မောင်နှမတွေနဲ့ နေတယ်။ သူ့မှာ အကို တယောက် ရှိတယ်။ ကျန်တဲ့ မောင်နှမတွေ ဘယ်နှစ်ယောက် ရှိလည်းတော့ ဒို့ မမှတ်မိတော့ဘူး။ ရွာထဲ ပြန်ဝင်လာတော့ ဖွားမှည့်ခများ မျက်နှာငယ်ရ တာပေါ့။ နေရထိုင်ရတာ။ ရွာထဲရောက်တော့ သူ့လယ်ကွက်ကလေးကရတာလေးနဲ့ စားသောက် နေထိုင် ရတာပေါ့။

ဒီနေရာမှာ လူတယောက်ရဲ့ အကြံအညဏ် စိတ်ကူး စိတ်သန်းဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ပြောပြမယ်။ သူပြောပြခဲ့တာက နံပတ် သူ့ဘဝမှာ ယုံကြည်ရတဲ့ လူတယောက် ရှိဖို့လိုတယ်။ ပြီးရင် နံပတ် ၂ က ကျန်းမာရမယ်။ ဒီ နှစ်ခုဘဲ သူမှာ အရေးတကြီး လိုအပ်တယ်..တဲ့။ စဉ်းစားကြည့်လေ။ သူက မျက်စိမမြင်တော့ဘူး။ ကန်းနေပြီ။ မျက်လုံး နှစ် လုံးလုံး။ အဲဒီမှာ သူက ဘာပြောခဲ့သလဲ ဆိုရင် သူ့ဘဝမှာ ယုံကြည်ရတဲ့ လူတယောက် ရှိဖို့ လိုတယ်။ ပြီးရင် သူက ကျန်း မာရမယ်။ ဒီနှစ်ခုဘဲ သူလိုချင်တာ။ အခုသူက မျက်လုံးမမြင်တော့ဘူး။ မမြင်တော့ဘူးဆိုတာ ခုခေတ် ဆေးပညာ ရှင်တွေ က မျက်လုံး အစားထိုးကုသပေးမယ်ဆိုရင်တောင် သူ့မှာ ကုလို့ မရတော့ဘူး။ အာရုံကြောတွေ အကုန်လုံး ပျက်စီး သွား ပြီ။ အမြင်အာရုံကြောတွေ..လေ။ မျက်လုံးအလုံးလိုက်ထွက်သွားတာ မဟုတ်ဘူး။ မျက်လုံးထဲကို ကျောက်ရောဂါဝင်ပြီး မျက်လုံးတလုံးလုံးကို ပြေတည်ပြီး စားသွားတာ။ ဘယ်လောက် ခံစားလိုက်ရမလဲ။ ရွာပြင်မှာ သူ့နားမှာ တယောက်မှ မရှိဘူး။ တယောက်ထဲ ဝေဒနာ ခံစားခဲ့ရတာ။ တယောက်တည်းဆိုပေမဲ့ ရွာပြင်မှာ သူ့လိုဘဲ ထွက်နေကြရတဲ့ ကျောက် ပေါက်သမားတွေ ဟိုနား ဒီနား တဲထိုးနေကြတာတော့ ရှိတာပေ့ါ။ ဒါပေမဲ့ တယောက်ကိုတယောက် ဘယ် ကြည့်နိုင်ပါ့မလဲ။ ဝေဒနာသည် ရောဂါသည် အချင်းချင်းဆိုတော့။

သူ ရွာထဲ ပြန်နေပြီးတဲ့နောက်မှာ သူ အမွေရထားတဲ့ လယ်ကို သူ့ဦးလေးကိုလည်း မအပ်ဘူး။ သူ့မောင်ကိုလည်း မအပ် ဘူး။ ညီကိုမောင်နှမ ဘယ်သူ့ကိုမှ မအပ်ဘူး။ ဘယ်သူ့ကို အပ်လိုက်သလဲဆိုတော့ ရွာက ဆရာတော်ကို အပ်လိုက်တယ်။ ဆရာတော်မှာတောင်မှ ကျောင်းကို အပ်လိုက်တာ။ ကျောင်းဆိုရာမှာ ဆရာတော် ဦးဆောင်ပြီး ရပ်ရေး ရွာရေး လုပ်ကိုင် ပေးတဲ့ ရွာအသင်းလိုဟာမျိုးကိုပေါ့။ ဖွားမှည့်က လယ်က ရတဲ့ ဆန်စပါးတွေကို သူယူမယ်။ ဆရာတော်က လက်ခံထား ပေး။ သူက မောင်နှမတွေ တခြားတယောက်ယောက်နဲ့စာရင် ရွာကဆရာတော်နဲ့ ကျောင်းမှာ ဖွဲ့ထားတဲ့ ရွာ အသင်းကို ပိုယုံတာပေါ့။ မဟုတ်ဘူးလား။ မောင်နှမတွေကလည်း သိတဲ့အတိုင်း အကြောင်းမသင့်ရင် ..ဒီ အကန်းမကြီး ဆိုပြီး လုပ်ချင် ရာ လုပ်ရင် မခက်ဘူးလား။ နောက်တခုက သူ့ မောင်နှမတွေ အပ်ထားခဲ့လို့ သူ့ ညီကိုမောင်နှမတွေ မတော်တဆ ကွယ် လွန်ခဲ့ရင် သူက ယောင်းမတွေ ခဲအိုတွေ နောက်ကို လိုက်နေရမှာ။ ဒီလိုဆိုရင် မဖြစ်ဘူး နေရာသစ်မှာက သူ့အကြောင်းကို လူတွေက သိတာ မဟုတ်ဘူး။ ကိုယ့်ရွာမှာက တရွာလုံးက သူ့အကြောင်းကို သိနေကြတာ။ သူ တွေးခေါ်ထားတာ .. နော်။ သူက ဒါကြောင့် ဒီရွာမှာဘဲ နေမယ်။ ဒီရွာမှာဘဲ သေမယ် ဆုံးဖြတ်ထားတာ။ အဲဒါကြောင့် လူဆိုတာ ကိုယ့်ရဲ့ ဇာတိ မွေးရပ် မြေကို မစွန့်လွှတ်သင့်ဘူးလို့ ဖွားမှည့် က ယုံကြည်တာ။ ဖွားမှည့်က ဒီလို အတွေးအခေါ်မြင့်တာ။ ဒို့အဖွားက သုံးတန်း လား လေးတန်းလားဘဲ သင်ဖူးတာနာနော်။ အဲဒါကြောင့် လူဆိုတာ အတွေးအခေါ် မြင့်မားဖို့ လိုတယ်လို့ ဒို့ ပြောတာ။ ခု လူတွေ နင်မတွေ့ဘူး.လား။ ခု ထိုင်းရောက်လာတဲ့ လူတွေထဲမှာ ထိုင်းနိုင်ငံသား ကဒ်ရဖို့ တောင်ပေါ်သား ကဒ်ရဖို့ ပြေး လုပ်ကြတဲ့ လူတွေ.. ဒို့သူငယ်ချင်းတွေထဲမှာ တပြုံကြီး။ အဲဒါ ကိုယ့်ရပ် ကိုယ့်ရွာကို အထင်သေးတဲ့ စိတ်ဓာတ်ကို ပြတာ မ ဟုတ်လား။

ဖွားမှည့် နောက်ထပ် ပြောပြတာက.. ငါ့မှာ လှမှန်းလည်း မသိတော့ဘူး။ မလှမှန်းလည်း မသိတော့ဘူး။ အဝတ်အစား အ ကောင်းစားလား အညံ့စားလား ဆိုတာလည်း အရေးမပါတော့ဘူး။ အေး ဒါပေမဲ့ ငါ့အင်္ကျ ီကို ငါမှတ်မိတယ်။ သူ့အတွင်းခံ အင်္ကျ ီမှာ အိပ်ကလေးတွေ ချုပ်ထားတယ်။ အဲဒီ အိတ်ကလေးကို ချိတ်ကလေးနဲ့ ချိတ်ထားပေးတယ်။ ဖွားမှည့်ဟာ မျက်စိ မမြင်ပေမဲ့ လုပ်စားတာ စုံနေ တာဘဲ။ ဆန်လည်း ငှါးဖွပ်တယ်။ ဆန်ငှါးဖွပ်တော့ အဖွားရေ မမှောက်ကျဘူးလားလို့ မေး တော့ .. ဟဲ့ ..ဘာလို့ မှောက်ကျမလဲ။ ငါ့မှာ ကြိုးတန်းရှိတယ်။ ငါ့အကို လုပ်ထားပေးတာပေါ့။ တယောက်ယောက်ကတော့ အရင်လုပ်ထားပေးရ တာပေါ့။ ငါ့ကို ဆန်ဖွပ်ဖို့ လာငှါးတဲ့ လူနောက်ကို လိုက်ရတာပေါ့။ လိုက်သွားတော့ ငါ့ကို ငှါးတဲ့လူ တွေက ဒီနေရာ ဒီနေရာက ငါ့အ တွက်ဆိုပြီး ပြထားတာပေါ့။ အဲဒီနေရာမှာ ထိုင်ပြီး လုပ်နေရ တာပေါ့။ နောက် အဖွားဖွပ် တာ စင်လားမစင်လား ဘယ်လိုသိ သလဲဆိုတော့ ဟဲ့ နင်တို့ကလည်း လက်နဲ့ စမ်းကြည့်တာပေါ့။ လက်နဲ့စမ်းသပ်ပြီး ဆန်ကွဲကို ဆန်ကွဲနေရာမှာ ထားတာ ပေါ့။ ဆန်က ဆန်နေရာပေါ့။ နောက် အဖွား ဆန်ပြာတော့ ဘယ်လိုသိသလဲဆိုတော့ လေတိုက်နေတာ သိတာပေါ့။ ငါ့ဆံပင်တွေ လွင့်နေတာဘဲ။ ငါ့ဆံ ပင် တောင်ဘက်ကို လွင့်သွားပြီဆိုရင် လေဟာ မြောက် ဘက်ကလာတယ်။ မြောက်ဘက်ကို လွင့်နေရင် တောင်ဘက်က လာတယ်ပေါ့။ လေကိုမှန်းပြီး ပြာလိုက်တာပေါ့..ဟဲ့.. တဲ့။

အဖွားဟာ ဘယ်လောက် သနားဖို့ကောင်းလိုက်သလဲ။ ဆန်ဖွပ်လည်း ဘယ်လောက် ရတယ်မှတ်လဲ။ တပြား နှစ်ပြားဘဲ ရတာ။ ပြားဆိုတာ နင်တို့ ဘယ်သုံးဖူးမလဲ။ ဒို့ငယ်ငယ်တုန်းကတောင် ငါးပြား ဆယ်ပြား တမတ် ငါးမူး သုံးမတ် ဘဲ သုံး တော့တာ။ တပြား နှစ်ပြား သုံးမရတော့ဘူး။ အဲဒီလုပ်ရင်းနဲ့ ဒို့အဖွားမှာလေ ရွှေဟာ ပိဿာနဲ့ ရှိခဲ့တယ်။ မျက်စိ မမြင်တဲ့ အဖွားမှာ..လေ။ ဒို့တွေမှာသာ မျက်စိကောင်းကောင်းကြီးနဲ့ ဆင်းရဲနေလိုက်ကြတာ။ ဘယ်လောက် ရှက်စရာ ကောင်းလဲ။

ပိဿာနဲ့ ရသွားတယ်ဆိုတာက သူ အငှါးခံလို့ရတဲ့ ပိုက်ဆံက သွားတာ မဟုတ်ဘူး။ သူ့ ဦးဏှောက်ကနေ လုပ်သွားတာ။ သူ ဘုန်းကြီးကျောင်းကို ပေးထားတဲ့ သူ့လယ်က ရတဲ့ စပါးတွေ ဆန်တွေကို သူမစားဘူး။ မသုံးဘူး။ သူက ဒီလယ်ကို တ ခြားလူကို ငှါးတယ်။ ရလာတဲ့ ဆန်စပါးကို ကျောင်းကို အပ်ထားတယ်။ အဲဒီဟာကို ရောင်းလို့ရတဲ့ ပိုက်ဆံကို ရွာအသင်း က ငွေတိုးချေတဲ့ဟာတွေ ဘာတွေ ရှိတယ်လေ။ အဲဒီမှာ ထည့်ထားလိုက်တာပေါ့။ အဲဒီကနေ ပိုက်ဆံက ပွားနေတာပေါ့။ အဲဒီကရတဲ့ အတိုးအပွားကို မသုံးဘူး။ ထုတ်မယူ ဘူး။သူ အငှါးခံလို့ရတာလေးနဲ့ စားတယ်။ သူက ထမင်းကို ကြုံတာနဲ့ စားတတ်တယ်။ သရက်သီးနဲ့လည်း စားတတ်တယ်။ ပိန္နဲသီးနဲ့လည်း ရတယ။် ငှက်ပျောသီးနဲ့လည်း စားလိုက်တာဘဲ။ ဘာမှ မရှိရင် မန်ကျည်းသီးမှည့်နဲ့စားတတ်တယ်။

သူက ကျန်းမာတယ်.လေ။ ကျန်းမာရေး ဂရုစိုက်တယ်။ ဟို သူမဆုံးခင်က ဒို့အမေတွေက သူ့ကို မော်လမြိုင်ကို ခေါ်လာ တယ်လေ။ မြို့ကို ရောက်လာလည်း သူလုပ်နိုင်သလောက် တောက်တောက်နဲ့ လုပ်နေတာဘဲ။ အဲဒီအချိန်မှာ ဒို့က အမေ့ ကို ပြောတာပေါ့ ဒီလောက်သနားစရာ ကောင်းတဲ့ အဖွားကြီးကို ဘာလို့ မြို့ကို ခေါ်လာတာလဲ လို့ ပြောတော့ အမေက ဒို့ကို ပြန်အော်တယ်။ နင် ဘာသိလဲ.. အဲဒါ ဒုက္ခဖြစ်နေတဲ့ အဖွားကြီး မဟုတ်ဘူး..ဟေ့.. ဟဲ့ အဲဒါ ရွှေတုံးကြီး ဟဲ့ ရွှေတုံး ကြီးတဲ့။ အမလေး နင်ဘာမှတ်နေလို့လဲ။ အဲဒီအဖွားကြီးဆီမှာလေ.. တဆွေလုံး တမျိုးလုံး တယောက်မှ မကင်းဘူး။ မချေး ဘူးတဲ့သူ မရှိဘူး။ အကန်းမဆီမှာ အားလုံး ချေးသုံးကြရတယ်။ မျက်စေ့အကောင်း နားအကောင်း ကိုယ်လက်အင်္ဂါ ကျန်း မာ သန်စွမ်းကြတဲ့ ယောကျ်ားတွေ မိန်းမတွေ အကောင်းတွေ..လေ။

ပိုက်ဆံလိုတဲ့အခါ ဖွားမှည့်ဆီမှာ လာချေးရင် သူက ချက်ချင်း ထုတ်ပေးတာ မဟုတ်သေးဘူး။ နေဦး။ ဘယ်သူ့ဆီမှာ ရှိ တယ်။ ဘယ်လောက် ဘယ်လေက် ပြန်ယူလိုက်ဦးမယ်။ ငါ စဉ်းစားလိုက်ဦးမယ်လို့ ပြောလေ့ရှိတယ်။ ပြီးတော့ သူက ပြန်မေးတာက နင် ပိုက်ဆံချေးပြီးရင် နင် ငါ့ကို ဘယ်လိုလုပ်ပြီး ပြန်ဆပ်မှာလဲ.. လို့ မေးတယ်။ ဦးဏှောက်က အဲဒီလို ကြီးတယ်။ ပြေးတယ်။ ပြီးတော့ မေးတယ်။ ဘယ်လောက်ယူမလဲ ..ပေါ့။ ရွှေတကျပ်သား ယူမယ်ဆိုရင် အို.ငါ့မှာ အဲဒီ လောက် မရှိတော့ဘူး။ ဘယ်သူ့ ဘယ်သူ့ကို ပေးထား လိုက်လို့ စသဖြင့် ပြောတယ်။ နင်က အဲဒီလောက် ရမှ ဖြစ်မှာ လား. နည်းနည်းပါးပါး လျော့လို့ မရဘူးလားလို့ ထပ်ပြီး မေးတတ်တယ်။

သူ့ရည်ရွယ်ချက်ကို ပြောပြတတ်တာက လုပ်စရာရှိတာကို လုပ်ရမယ်။ သူဟာ ငါးပြားစေ့ ဆယ်ပြားစေ့ တကျပ်တန် နှစ်ကျပ် တန် ငါးကျပ်တန် တဆယ်တန် စတာတွေကို သပ်သပ်စီ စနစ်တကျ သိမ်းထားတယ်။ ဖြစ်ကတတ်ဆန်း မထား ဘူး။ နင်တို့တွေ ဘယ်မှတ်မိတော့မလဲ။ သုံးချင်မှတောင် သုံးဖူးမယ်။ သူ့မှာ သူများတွေလို ပကာသန ကိစ္စတွေ မရှိတော့ ဘူး။ သူ့ဘဝမှာ သူများလို ကြွားဖို့ ဝါဖို့ ကိစ္စလည်း မရှိတော့ဘူး။ သူလည်း မကြွားတော့သလို သူများ ကြွားဝါတာ ပလွှား တာကိုလည်း သူမသိတော့ဘူး။ ဒီတော့ သူလုပ်သမျှ သူ အကုန် ပြန်ခံစား ရတာပေါ့။

ဒို့တွေ အခု အဝတ်အစားတွေ ဝတ်နေကြတာက ကျန်းမာရေးအတွက်ထက် ကြွားဖို့ ဝါဖို့ အဓိက ပါတယ်လေ။ ဖွားမှည့် က အဲဒါတွေကို ကျော်လွှားလိုက်ပြီ။ စားတာလည်း ကျန်းမာဖို့ ဝတ်တာလည်း အရှက်လုံဖို့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ပဓာနဘဲ။ သူ့မှာ အဲဒီ ပကာသန အလုပ်တွေ အပိုအလုပ်တွေ မရှိတော့ စိတ်လည်း ချမ်းသာတယ်။ ရသမျှလည်း တင် တယ်။ သူ့ဘ၀ တလျှောက်လုံးမှာ မျက်လုံးနှလုံး ကွယ်ခဲ့ပေမဲ့ သူဟာ ညာဏ်မျက်လုံး မကွယ်ခဲ့လို့ သူ့ အသိုင်းအဝိုင်းမှာ လူ့အောက် မကျခဲ့ဘူး။ သဘောပေါက်တယ်..ဟုတ်။

သူက ဆန်ဖွပ်တယ်။ ပဲချိန်တန်ပဲ.လိုက်လုပ်တယ်။ အဲဒီဘက်က ကွမ်းသီးထွက်တော့ ကွမ်းသီး အခွံခွါတယ်။ အဲဒီလိုနဲ့ ရတဲ့ ပိုက်ဆံတွေကို တူ တူမတွေ ဆွေမျိုးတွေကို ချီးပေးတယ်။ သူ့အမျိုးတွေကလည်း မှန်မှန်ကန်ကန် ပြန်ဆပ်ပေးကြ တယ်။ ပေးသင့်တဲ့ အတိုးကိုလည်း ပေးကြတာပေါ့။ စစချင်းမှာတော့ သူလည်း ငွေတိုး ဘာညာ မချေးတတ်ပါဘူး။ သူများ တွေက သူ့ကို အတိုး ဘယ်လောက် ဘာညာ လုပ်ပြီး ပေးကြတာ။ ဖွားမှည့်ပြောပြတာ နင်နားထောင်ကြည့် ကိုယ့်ပိုက်ဆံ လို့သာ ပြောတယ်။ ငါ့မှာ အသံဘဲ ကြားရတယ်။ မြင်ရတာ မဟုတ်ဘူး။ သူပြောပြတာ ဘယ်လောက် ကြေကွဲဖို့ ကောင်း လဲ။ ငါ့ကို သူများကပြောတယ်။ ငါ့အဖွားက သူဌေးတဲ့။ ဒါပေမဲ့ ငါ့ပိုက်ဆံတွေကိုလည်း တခါမှ မမြင်ဖူးဘူး။ ဘယ်လောက် ကြေကွဲဘို့ကောင်းလဲ.. နော်။ ဒီလို သူပြောပြတဲ့အခါ သူ့လေသံက မာန်ရှိတယ်။ ပျော့ညံ့ အားငယ်စိတ် မရှိဘူး။

သူဟာ သာမန် အကန်းမ မဟုတ်ဘူး။ သူဟာ မိုးဦးကျမှာ လယ်သမားတွေကို ပိုက်ဆံ ထုတ်ပေးလိုက်တယ်။ စပါးပေါ်တဲ့ အခါ သူ့ကို စပါးနဲ့ ပြန်ဆပ်ကြတယ်။ စပါးပေး ခေါ်မှာပေါ့။ နောက်ပြီး အသားချတာလား. .. ဝက်မွေးတာတို့ နွားမွေးတာ တို့လည်း လုပ်တယ်။ ဒါပေမဲ့ သူ ပြောတာက ငါက ဘာမှ မြင်တာမဟုတ်ဘူး..ငါ့တူတွေ တူမတွေက လုပ်ပေးထားတာ။ ဝက်မတကောင် ဝယ်ပေးလိုက်ရင် ဝက်သားကျတော့ တယောက်တဝက် ရတာပေါ့။ နွားလည်း ဒီလိုဘဲ တယောက်တ ကောင် ပေါ့။ ကိုယ်က အစာဘိုးပေးရတယ်။ အရင်းထောင်ပေးရတယ်။ ဝက်မကြီးက အရင်း။ နွားမကြီးက အရင်းပေါ့။ နောက် သူ့ဆီက ပိုက်ဆံယူတဲ့သူတွေကို ပြောပြတာက ငါ့ပိုက်ဆံတွေကို မလိမ်နဲ့နော်။ လိမ်လို့ရှိရင် ငါ့ကို ကြည့် ဆိုပြီး ပြောတတ်တယ်။ လိမ်တဲ့လူက ငါ့ကို ကြည့် ဆိုပြီး ပြောတတ်တယ်။

ဒို့ပြောပြမယ်။ ဘဝမှာ အရေးကြီးတာက ကိုယ့်ရင်ထဲ မှာ အားကိုး ယုံကြည်စရာ ရှိဖို့လိုတယ်။ ကိုယ့်ရင်ထဲမှာ အားကိုး ယုံကြည်စရာ မရှိတဲ့လူဟာ ဘဝမှာ ဘာ အောင်မြင်စရာ ရှိတော့မလဲ။ ငါ့ရဲ့ ပညာကို အားကိုးရမယ်။ ငါ့ရဲ့ ကိုယ်ကျင့် တရား ကို ငါ အားကိုးရမယ်။ ငါ့ရဲ့ စိတ်ဓာတ်ကို ငါ အားကိုးရ မယ်။ အဲဒီလို မရှိတဲ့သူတွေဟာလေ ပတ်ဝန်းကျင်မှာ တွေ့သမျှ အ ရာ အားလုံကို အားကျနေမယ်။ အကုန်လုံး လိုက်ဖြစ်ချင်။ အကုန်လုံး လိုက်လုပ်။ လိုက်လုပ်လို့ အဆင်မပြေပြန်ရင်လည်း အရုပ်ကြိုးပြတ်ဘဲ။ ဒါကြောင့်မို့ ကိုယ့်စိတ်ကို ကိုယ် ထူထောင်။ ဒို့စိတ်က ဒီလိုစိတ်…..

ထိုသို့ ကိုတိုးဝင်း အားရပါးရ ပြောနေစဉ် အရေးကြီးသော လူနာတဦး ရောက်လာသည်ဟု ဆိုကာ အရေးပေါ်က လှမ်းခေါ် သဖြင့် ကဗျာကယာ နှုတ်ဆက်ကာ ကျွန်တော့် အခန်းထဲက ထွက်သွားခဲ့လေသည်။ ကျွန်တော့်အတွက်ကား ဆေးရုံပေါ်မှ ကုတင်ထက်တွင်နေရင်း မြန်မာနိုင်ငံမှ အာဂသတ္တိရှင် ဒေါ်မှည့်မှည့်ကို တွေ့ခွင့်ရလိုက်သဖြင့် ဝမ်းသာမိသကဲ့သို့ တပည့် ဖြစ်သော မနုနု ခေါ် မခင်အေးနုအားလည်း လောကဓံတရားကို ရဲရင့်စွာ ဖြတ်သန်းသွားခဲ့သူ ဒေါ်မှည့်မှည့်အကြောင်း သိ ခွင့်ရစေလိုက်သဖြင့် ထပ်ဆင့် ဝမ်းသာမိသည်။ ဘဝဆိုသော ကျောင်းတော်ကြီးတွင် သင်ယူတတ်လျှင် ပညာတွေနှင့် ပြည့် နှက်နေကြောင်ူ ကျွန်တော့ တပည့်မ သိပါလေ..ဟု စိတ်ထဲက ကျိတ်ပြီး ဆန္ဒပြုလိုက်ပါ၏။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.