မော်လမြိုင်၊ ဇွန် ၂၇

ရွေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းကိစ္စသည် လုပ်ထုံးစနစ်နည်းလမ်းမကျသည့် အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဇွန်လ (၂၇) ရက်တွင် ကန့်ကွက်ကြောင်း တာဝန်ရှိသူများထံ စာပေးပို့ခဲ့သည်။

Untitled-2

မွန်ပြည်နယ်အစိုးရအနေဖြင့် ရက်(၁၀၀)စီမံကိန်းရေးဆွဲပြီး ယင်းရွှေ့ပြောင်းလုပ်သားများသို့ အိမ်ထောင်စု စာရင်းအသစ်ထုတ်ပေးနေခြင်းမှာ လုပ်ထုံးလုပ်နည်းစနစ် မှန်ကန်မျှတသည်ဟု မယူဆကြောင်းအချက်(၅)ချက် ပါဝင်သည့် ကန့်ကွက်ကြောင်းတင်ပြချက်များကို နိုင်ငံတော်သမ္မတရုံး နေပြည်တော်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့တို့ကို ပေးပိုခဲ့သည်။

“ ဒီကိစ္စဟာ အမျိုးသားရေးနဲ့ပတ်သက်ပြီး အကဲဆပ်တဲ့ကိစ္စဖြစ်နေတဲ့အတွက် ချင့်ချင့်ချိန်ချိန်လုပ်ဖို့ နဲ့လုပ် ထုံးလုပ်နည်းနဲ့အညီလုပ်ဆောင်ဖို့အကြံပြုချက်တွေလည်း ကြေငြာချက်ထဲမှာ ပါဝင်ပါတယ်” ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဒုဥက္ကဋ္ဌ (၂) ဖြစ်သူ နိုင်ချမ်းတွဲ့ ကပြောကြားသည်။

မွန်ပြည်နယ်အတွင်းရှိ အလုပ်လုပ်နိုင်သော လူငယ်၊ လူလတ်ပိုင်းအများစုမှာ တစ်ဖက်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းကြောင့် လုပ်သားရှားပါးမှုကို အကြောင်းပြု၍ ပြည်တွင်းရှိ အခြားတိုင်းဒေသများမှ ရွေ့ပြောင်းလုပ်သားများ ဝင်ရောက်လာခြင်းဖြစ်ရပ်မှာ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာလျှက်ရှိသည်ဟု လည်း ကန့်ကွက်စာတွင်တွေ့ရသည်။

ရွှေ့ပြောင်းလုပ်သားများကို မူလအိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ခြင်းမပြုပဲ အိမ်ထောင်စုစာရင်းအသစ်ထုတ်ပေး ခြင်းသည် လူဦးရေးစာရင်းဖောင်းပွမှုကို ဖြစ်ပေါ်စေသည့်အပြင် (၂၀၁၄)ခုနှစ် သန်းခေါင်စာရင်းပါ အချက် အလက်များနှင့် ကွဲလွဲမှုဖြစ်လာနိုင်သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်လှခိုင် ကပြောသည်။

“တကယ်လို့ဒီရက် (၁၀၀) သစ္စာစီမံချက်ကို မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုရင်လည်း ဥပဒေ လုပ်ထုံးလုပ် နည်းနဲ့တရားမျှတမှုရရှိစေဖို့အတွက် ရွေ့ပြောင်းလုပ်သားတွေကို ထုတ်ပေးမယ့် အိမ်ထောင်စုစာရင်းအသစ်ကို ယာယီနေထိုင်ခွင့်ပြုတဲ့ သဘောသာ ခွင့်ပြုသင့်ပါတယ်။ သတ်မှတ်တဲ့ ကာလပြည့်လို့လိုအပ်ရင် သက်တမ်းတိုး ခွင့်ပြုရမယ်။ သက်တမ်းမတိုးတော့ဘူးဆိုရင်လည်း အဲဒီအိမ်ထောင်စုစာရင်းဟာ အလိုအလျှောက်ပယ်ပျက်စေ ရမယ်။ ရွေ့ပြောင်းလုပ်သားတွေရရှိထားတဲ့ အိမ်ထောင်စုစာရင်းဟာ မွန်ပြည်နယ်အတွင်းမှာ ယာယီနေထိုင်ခွင့် ကိစ္စတစ်ရပ်အတွက်ပဲအသုံးပြုခွင့်ပြုရပါမယ်။ အခြားမည်သည့် ကိစ္စတွေကိုမှ သက်သေခံအဖြစ်အသုံးပြုခွင့် မရှိစေရ ဆိုပြီး ကျွန်တော်တို့ပါတီအနေနဲ့အကြံပြုထားပါတယ်” ဟုပြောကြားသည်။

ထို့နောက် လူတစ်ဦးတွင် အိမ်ထောင်စု စာရင်း (၂) စောင် ကိုင်ဆောင်ခွင့်ပေးမည့် သဘော သက်ရောက်နေ သဖြင့် လူတစ်ဦး နိုင်ငံသားစီစစ်ရေးကဒ်ပြား (၂) စောင် ကိုင်ဆောင်ခွင့် ရရှိရေးကို ရှေးရှုရာရောက်နေသည့် အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ နည်းဥပဒေ လုပ်ထုံးလုပ်နည်း နှင့် ဆန့်ကျင်နေ ကြောင်း နိုင်လှခိုင်က ဆက်ပြောသည်။

ဇွန်လ (၂၇) ရက်နေ့မွန်ပြည်နယ် လွှတ်တော်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင်လည်း ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ ယာယီရွေ့ပြောင်းအလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေး သည့် ကိစ္စရပ်အား ရပ်ဆိုင်းပေးရန်တိုက်တွန်းကြောင်းအဆိုအား လွှတ်တော်သို့တင်ခဲ့ပြီး သထုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က ထောက်ခံဆွေးနွေးခဲ့ခြင်း ကြောင့် အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးသွားမည်ဟု သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံချက်ကာလာအတွင်း နေရာအတည်တကျမရှိပဲ ရွှေ့ပြောင်းနေထိုင် ကြသူများအား အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တမျိုးမျိုးဆောင်ရွက်ပေးရေး လ.ဝ.က ၏ စီမံချက်ကို ပြန်လည်ရုပ်သိမ်းပေးရန် မွန်အမျိုးသားပါတီ (Mon National Party) က ဇွန်လ (၂၁) ရက်တွင်လည်း ကြေငြာချက်ထုတ်ထားသည်။

မိမိတို့ဒေသအတွင်း ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိလာပြီးနောက် ဒေသတွင်း အေးချမ်းတည်ငြိမ်မှုပျက်ပြား ကာ ခိုးမှုများ၊ လုယက်မှုများ၊ လူသတ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများ၊ ငြိမ်းခြောက်မှုများ ထူပြောလာသည်ဟုဆိုကာ မွန်လူမှုအသင်းအဖွဲ့ (၁၆) ဖွဲ့တို့က ဇွန်လ (၁၀) ရက်နေ့က လက်မှတ်ထိုးပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်အသီးသီးနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ အဆိုပါ စီမံချက်နှင့် ပတ်သက်ပြီး ကန့်ကွက်စာ ပေးပို့ထားသည်။

မွန်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနစာရင်းအရ မွန်ပြည်နယ်အတွင်း ကိုင်ဆောင်လက်မှတ်မရှိသည့်ရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းလူဦးရေ (၁၂၀၀၀) ကျော်ရှိသည်ဟု ဖော်ပြထား ပြီး (၂၀၁၄) သန်းခေါင်စာရင်းမှာ မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားဦးရေ (၃) သိန်း (၄) သောင်း ကျော်ရှိသည်ဟု ဖော်ပြထားသည်။

သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.