မော်လမြိုင်၊ ဇွန် ၃၀

ယာယီရွေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သည့် သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်းမရှိဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က လွှတ်တော်တွင် ဖြေကြားသည်။

ဇွန်လ (၂၉) ရက် မွန်ပြည်နယ်လွှတ်တော်ပြုလုပ်သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ “ယာယီရွေ့ပြောင်းအလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးသည့် ကိစ္စအား ရပ်ဆိုင်းပေးရန် တိုက်တွန်းကြောင်း အဆို” နှင့် ပတ်သတ်ပြီး ဆွေးနွေးခဲ့ရာ၌ ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယာယီရွေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ သာမန်ရွေ့ပြောင်းနေထိုင်သူများကဲ့သို့စီစစ်ပြီး မှတ်တမ်းအဖြစ်ထားရှိသွားမှာဖြစ်ပါတယ်။ ယာယီရွေ့ပြောင်းနေထိုင်သူများ၏ စာရင်းများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးခြင်းမရှိပါ” ဟု ဦးဝဏ္ဏကျော် မှပြောကြားခဲ့သည်။

၎င်းကဆက်လက်ပြီး “သာမန်ရွေ့ပြောင်းနေထိုင်သူများအား စိစစ်ရာတွင် ယခင်နေထိုင်ခဲ့သည့် ဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းဖြင့် နေထိုင်ခဲ့ခြင်းရှိ၊ မရှိ။ အိမ်ထောင်စုလူဦးရေစာရင်းမရှိက အမှန်တကယ် နေထိုင်ခဲ့ခြင်းရှိ၊ မရှိ။ သက်ဆိုင်ရာမြို့နယ်များနှင့် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်သွားခြင်း နဲ့မိမိနေထိုင်ရာ မြို့နယ်အတွင်းနေထိုင်မှုကာလ (၃) နှစ်နှင့်အထက်၊ (၃) နှစ် နှင့် (၆) လကြား၊ (၆) လအောက်စိစစ်ခြင်း၊ တိုင်းရင်းသားနှင့် တိုင်းရင်းသားမဟုတ်သူ နိုင်ငံခြားသား သွေးနှောဟူ၍ ခွဲခြားစိစစ်ခြင်းများဆောင်ရွက်ရပါ တယ်။ တိုင်းရင်းသားများကို အိမ်ထောင်စုလူဦးရေစာရင်းနဲ့ကိုင်ဆောင်သင့်တဲ့ မှတ်ပုံလက်မှတ်တစ်မျိုးမျိုးကို စိစစ်ဆောင်ရွက်ပေးသွားပါမယ်။ သွေးနှောများကို မှတ်တမ်းအနေနဲ့ပဲထားရှိသွားပါမယ်” ဟု ပြောကြားသည်။

အဆိုပါ ရက် (၁၀၀) စီမံချက်သည် ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ တနိုင်ငံလုံး၌ လွှမ်းခြုံဆောင်ရွက်နေသောလုပ်ငန်းဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းစဉ်ကိုပြည်ထောင်စု၏ တစ်စိတ် တစ်ဒေသဖြစ်သည့် ပြည်နယ်လွှတ်တော်၌ အဆိုတင်သွင်းခြင်းအား စဉ်းစားဆုံးဖြစ်ပေးနိုင်ရန် ဦးဝဏ္ဏကျော် မှတင်ပြခဲ့ပြီး ပြည်နယ်လွှတ်တော်က ဆွေးနွေးညှိနှိုင်းပြီးနောက် “ယာယီရွေ့ပြောင်းအလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးသည့် ကိစ္စအား ရပ်ဆိုင်းပေးရန် တိုက်တွန်းကြောင်း အဆို ” မွန်ပြည်နယ် လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံချက်တွင်ပါဝင်သော နေရာအတည်တကျမရှိပဲ ရွေ့ပြောင်းနေထိုင် ကြသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ဆောင်ရွက်ပေး ရေးကိစ္စနှင့် ပတ်သက်ပြီး မွန်နိုင်ငံရေးပါတီများ နှင့် မွန်လူမှုအဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်း ကြေငြာချက် များထုတ်ပြန်ခြင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များထံ ကန့်ကွက်လွှာများပေးပို့ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

သာမန်ရွေ့ပြောင်းနေထိုင်သူများမှာ အလုပ်လုပ်ကိုင်ရန်၊ ပညာသင်ကြားရန်နှင့် အခြားအခြေအနေများကြောင့် မြို့ကြီးများ၊ အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် မြို့ပြများ၊ စက်မှုလုပ်ငန်းရှိသည့်မြို့များ၊ နယ်စပ်ဒေသ စသည့်အရပ်ဒေသများတွင် ဆွေမျိုးသားချင်းများနှင့် အသိမိတ်ဆွေများ၏ နေအိမ်များတွင်လည်းကောင်း၊ နေအိမ်ဌားရမ်း၍လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိပဲ နေထိုင်ကြသူများဖြစ်ကြောင်းနှင့် ယာယီ ရွေ့ပြောင်းနေထိုင်သူများအားလုံးသည် သာမန်ရွေ့ပြောင်းနေထိုင်သူများဖြစ်ကြောင်း လ.ဝ.က ကအဓိပ္ပါယ် ဖွင့်ဆိုထားသည်။

ယာယီရွေ့ပြောင်းနေထိုင်သူများမှာ အစိုးရဌာနပိုင်မြေများ၊ သစ်တောကြိုးဝိုင်း၊ စည်ပင်ပိုင်မြေ၊ အဖွဲ့အစည်းပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ၊ စီမံကိန်းပိုင်မြေ၊ သာသနာ့နယ်မြေ၊ ပုဂ္ဂလိကပိုင်မြေ၊ မြေနုကျွန်း၊ ရထားလမ်းဘေး၊ ကားလမ်းဘေး စသည့်နေရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ခွင့်ပြုထားခြင်းမရှိပဲ ဝင်ရောက်နေထိုင်ကြသူများ နှင့် မူလနေထိုင်ရာဒေသမှ အလုပ်အကိုင်အခွင့်အလမ်းရှိသည့် နယ်စပ်မြို့များ၊ ရွှေတွင်း၊ ကျောက်မှော်၊ ရေနံတွင်း စသည့် သယံဇာတများထွက်ရှိရာ ဒေသများ၊ ပင်လယ်ကမ်းခြေ၊ မြစ်ချောင်း ကမ်းနားစသည့် ဒေသများတွင် ကြုံရာကျဘမ်း ရွေ့ပြောင်းအလုပ်လုပ်ကိုင်၍ နေထိုင်ကြသူများဖြစ်ကြောင်း လ.ဝ.က ကအဓိပ္ပါယ်ဖွင့် ဆိုထားသည်ဟု သိရသည်။

သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.