မွန်ပြည်နယ်အတွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် လုပ်ငန်းစတင်တည်ထောင်လိုသူများ၏ လုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရန်အတွက် Idea Platform for Successful Business Training တစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ FNF အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မော်လမြိုင်မြို့ ဈေးကြိုရပ်ရှိ ကုန်စည်ဒိုင်ခန်းမတွင် နိုဝင်ဘာ ၁၆ မှ ၁၉ ရက်နေ့ထိ ပို့ချပေးလျက်ရှိသည်။
“လက်ရှိအခြေအနေမှာ မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ ရေမြေခံဖြစ်တာမို့ ဈေးကွက်အခိုင်အမာရရှိထားမှု စီမံအုပ်ချုပ်မှုပုံစံ တိုးတက်မှု၊ စားသုံးသူလိုအပ်ချက်ဖော်ဆောင်မှု၊ ဒေသတွင်းသာမက နိုင်ငံခြားဈေးကွက်ရရှိမှု စတဲ့ Market Innovation တွေဟာ အကောင်းဆုံးပြင်ဆင်မှုဖြစ်ပြီး Challenge စိန်ခေါ်ခြင်းဟာ Chance အခွင့်အရေးဖြစ်လာနိုင်တာမို့ အခုသင်တန်းဟာ လုပ်ငန်းခွင်အတွက် အထောက်အကူပြုမှာဖြစ်တယ်” လို့ မွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးနိုင်လဝီအောင်က ပြောသည်။
သင်တန်းတွင်  MHR ကျောင်းတည်ထောင်သူ Prof ဦးအေးကျော်မှ လူ့စွမ်းအားအရင်းအမြစ်များ ကောင်းမွန်စွာစီမံခန့်ခွဲနိုင်စေရန် sales and marketing နှင့် လုပ်ငန်းလည်ပတ်ရာတွင် စီမံခန့်ခွဲမှုအလေ့အကျင့်ကောင်းများရရှိစေနိုင်မည့် ဘာသာရပ်များအားလည်းကောင်း Strategy First Business School မှ ဒေါ်အေးအေးဝင်းက Business Plan စီမံခန့်ခွဲမှုနှင့် ခွဲခြမ်းစိတ်ဖြာနိုင်ရေး မဟာဗျူဟာများ၊ SME များ၏ AEC အခွင့်အလမ်းနှင့် စိမ်ခေါ်မှုများနှင့် ပတ်သက်သည့် ဘာသာရပ်များကိုလည်းကောင်း၊ SME Development Department မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေးမှ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် ဂျပန်နိုင်ငံ၏ နည်းလမ်းများဖြစ်သည့် (5S-Kaizen) ၊ SME ဖွံ့ဖြိုးရေးလှုပ်ရှားမှုများနှင့် Ckuster Development အသိပညာ၊ Business Game (စီပွားရေးလုပ်ငန်းပုံစံငယ်) လှုပ်ရှားမှုဘာသာရပ်များအားလည်းကောင်း၊ MUDO ၏ CEO ဒေါက်တာမျိုးမင်းဂေါင်မှ စွန့်ဦးတည်ထွင် လုပ်ငန်းရှင် စံနမှုနာများ၊ တီထွင်ဆန်းသစ်ခြင်းမဟာဗျူဟာ၊ တန်ဘိုးမြှင့်ထုတ်ကုန်အတွက်လိုအပ်သော Interpersonal Skill အကြောင်းအရာများ စသည်တို့ကို  သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မွန်ပြည်နယ်မှ ထုတ်လုပ်-ရောင်းချသူများ၊ သင်းတန်းကျောင်းများနှင့်အိမ်ခြံမြေ အကျိုးဆောင်သူ များအပါဝင် လုပ်ငန်းရှင်ပေါင်း (၆၄) ဦးတက်ရောက်ခဲ့ကြသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.