ရေးမြို့တွင် ကျင်းပခဲ့သည့် အသက် ၂၃ နှစ်အောက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မော်လမြိုင်အသင်းက ဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။
ရေးမြို့ သီရိခေမာရပ်ကွက် ပြည်သူ့အားကစားကွင်းတွင် မော်လမြိုင် မြို့နယ်ဘောလုံးအသင်းနှင့် ကျိုက်ထိုမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မော်လမြိုင်မြို့နယ် ဘောလုံးအသင်းက ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
“မော်လမြိုင်က ပထမ၊ ကျိုက်ထိုက ဒုတိယ၊ ပူးတွဲတတိယဆုကိုတော့ ရေးနဲ့ မုဒုံမြို့နယ်တို့ ရရှိသွားပါတယ်။ ပွဲစဉ်အလိုက် အကောင်းဆုံးဆုကိုတော့ ကျိုက်ထိုအသင်းက ထက်ထက်ဇော်ကရရှိပါတယ်။ ဂိုးသွင်း အများဆုံးဆုကိုတော့ သံဖြူဇရပ်အသင်းက စောသာကီးက ရရှိသွားခဲ့ပါတယ်။ ကျင်းပစဉ်တလျှောက်လုံး အစစအရာရာ အဆင် ပြေစွာကျင်းပနိုင်ခဲ့ပါတယ်” ဟု ရေးမြို့နယ် အားကစားမှူး ဒေါ်ခိုင်ခိုင်မိုးက ပြောသည်။
ရေးမြို့နယ်အသင်းအနေဖြင့် ဆီမီးအဆင့်ထိသာ တက်ရောက်နိုင်ခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း မိမိတို့မြို့နယ်တွင် ပြည်နယ်အဆင့်ပြိုင်ပွဲတစ်ခု အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ဦးတင်ဦး က ပြောသည်။
“ရေးမြို့ အားကစားသမားတွေ အနေနဲ့က အစဉ်အလာရှိတဲ့မြို့လေးတစ်မြို့ပါ။ အားကစားသမားကောင်း ပေါ်ထွက်လာဖို့အတွက်လည်း ဒီလိုပြိုင်ပွဲတွေက အရေးပါပါတယ်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီး နိုင်လဝီအောင်က ပြောသည်။
ယခုနှစ် ဝန်ကြီးချုပ်ဖလားပြိုင်ပွဲတွင် အသင်းပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ်ပေါင်း ၁၅ ခုဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည်။
ယခင်နှစ် မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် ၂၃ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို သထုံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တစ်နှစ်လျှင် တစ်မြို့နယ်ဆီ အလှည့်ကျဖြင့် ကျင်းပလာခဲ့သည်မှာ ယခုတွင် ၅ ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်သည်။