Ocean Super Center အုပ်စုတွင် နေပြည်တော်ပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သော မော်လမြိုင် Ocean Super Center ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။
မော်လမြိုင် Ocean Super Center ဘိုကုန်းရပ်ရှိ သံလွင်ဥယျာဉ်မြေနေရာတွင် ၂၀၁၄ ခုနှစ် ဧပြီလခန့်က စတည် တည်ဆောက်ခဲ့သည်။
“ဌားရမ်းခအနေနဲ့ ပထမ (၅) နှစ်မှာ တစ်လကို သိန်း(၃၀) စည်ပင်ကရမယ်၊ ဒုတိယ (၅) နှစ်မှာ တစ်လကို (၄၅) သိန်းရပြီးတော့ တတိယ(၁၀) နှစ်မှာတော့ ဈေးနှုန်းညှိနှိုင်း ပြီးသတ်မှတ်သွားမှာဖြစ်တယ်၊ ဒါပြီးရင်တော့ တင်ဒါအသစ်ပြန်ခေါ်သွားမှာဖြစ်တယ်” ဟု မြို့နယ်စည်ပင်သာယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အဆောက်အဦကို၊ ထိုင်းနိုင်ငံ ပိသုကာပညာရှင်များက ဒီဇိုင်းရေးဆွဲကာ၊ ပြည်တွင်း UHM ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်ခဲ့သည့် ၂ ထပ် RC အဆောက်အဦး ဖြစ်သည်။
Ocean Supercenter၊ Seasons Bakery & Coffee Shopနှင့် City Care Health & Beauty Store အပါအဝင်၊ ဆိုင်ခွဲပေါင်း (၃၀) ကျော်နှင့် အဆင့်မြင့် ရုပ်ရှင်ရုံ (၂) ရုံ ၊ ကားစီးရေ ၁၀၀ ကျော်နှင့် ဆိုင်ကယ်စီးရေ ၂၅၀ ကျော် ရပ်နားရန် နေရာများပါဝင်သည်။
Center တွင် အရည်သွေးပြည့်မီ စိတ်ချရသော လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ခေတ်မီ အိမ်အသုံးအဆောင်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်ပစ္စည်းများအပြင် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန် အမျိုးမျိုးစသည့် အမျိုးအစားပေါင်းများစွာကို နိုင်ငံတကာအဆင့်မီ လက်လီရောင်းချမှုပုံစံဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“မော်လမြိုင်လို မြို့ကြီးအနေနဲ့ ဒီလိုရှော့ပီးစင်တာမျိုးရှိသင့်တယ် အပြင်ဆိုင်တွေက ဈေးနှုန်းတွေကို ခေါ်ချင်သလိုခေါ် အော်ချင်သလိုအော် ရောင်းတဲ့အချိန်မှာ ဒီဆိုင်တွေက သတ်မှတ်ဈေးအတိုင်းရောင်းတာရယ် တစ်နေရာတည်း အစုံရတာရယ် အဲဒီအတွက်ကြောင့် ကျနော်ကတော့ကြိုက်တယ်” ဟု မြို့ခံ ကိုဉာဏ်စိုးဝင်းက ပြောသည်။
ယင်းအဆောက်အဦကို ၂၀၁၄ ခုနှစ် ဧပြီလ မှစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ကျရောက်သည့် လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်ရောင်းချသွားမည်ဟု သိရသည်။
Ocean Super Center ဖွင့်လှစ်နိုင်ရန်အတွက် အဆောက်အဦ အပ်နှံပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်က ကျင်းပခဲ့ပြီးဖြစ်သည်။