ရေးမြို့နယ် မာန်အောင်ကျေးရွာတွင် စိတ်ကြွဆေးပြား (၃၀) ပြားကို အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းခန့်က တပ်မတော်နှင့် ရေးမြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ရေးမြို့နယ် မူးယစ်တပ်ဖွဲ့စု (၃၉) မှ ဒုရဲမှူး သန်းဇော်၊ ကိုးမိုင်ကျေးရွာ ခလရ (၂၉၉) မှ ဗိုလ်ကြီး ရဲလင်းအောင်ဦးစီးတပ်စုနှင့် သက်သေများအဖြစ် ကျေးရွာရပ်မိ/ဖများတို့ ပါဝင်သောအဖွဲ့သည် ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု၊ မာန်အောင်ကျေးရွာနေ ဦးလှိုင်နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် အနောက်ဘက်နှင့်တွဲလျက် မီးဖိုခန်းအမိုး ဓနိဖက်ကြားတွင် ဝှက်ထားသည့် ပလတ်စတစ်အိတ်ငယ်ဖြင့် ထုတ်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၃၀)ပြား အလေးချိန် (၃) ကီလိုဂရမ်အား ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။
ဦးလှိုင်ဆိုသူအား ထပ်မံဖော်ထုတ်စစ်ဆေးချက်အရ ကိုးမိုင်ကျေးရွာနေ ဒေါ်လှအေးဆိုသူထံမှ ဆေးပြား(၁)ပြားလျှင် ၆၀၀၀ ကျပ်ဖြင့် ဆေးပြား(၃၀)အတွက် တန်ဘိုး(၁၈၀၀၀၀)ဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဆက်လက်သွားရောက်ရှာဖွေရာ ဒေါ်လှအေးဆိုသူက နေအိမ်တွင်မရှိပဲ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိခဲ့ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးလှိုင်နှင့် ဒေါ်လှအေးတို့အား နမစ(ခေါဇာ) မယ(ပ)၅/၂၀၁၅ မူးယစ်/စိတ်ပြောင်း ပုဒ်မ ၁၅/၁၉ (က)/၂၁ အရ အမှုဖွင့်လှစ်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဒေါ်လှအေးကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.