မွန်ပြည်နယ်တွင် ၂၀၁၅-၂၀၁၅ ပညာသင်နှစ်အတွက် မူလတန်းကျောင်းအုပ် ၃၆ ဦးနှင့် မူလတန်းပြ ကျောင်းဆရာ ဆရာမ ၉၀၃ ဦး လစ်လပ်နေသည်ဟု မွန်ပြည်နယ် ပညာရေးဌာနရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင်အောင်က ပြောသည်။

မွန်ပြည်နယ်တွင် မူလတန်းကျောင်း ၁၂၄၀ ကျောင်းရှိပြီး ၎င်းမူလတန်းကျောင်းအတွက် ကျောင်းအုပ် ၁၂၀၄ ဦးနှင့် ကျောင်းဆရာ၊ ဆရာမ ၆၀၀၀ ကျော် ခန့်ထားပြီးပြစ်သော်လည်း ဆရာ၊ ဆရာမ လိုအပ်လျှက်ရှိသည်ဟု ၎င်းက ပြောသည်။

“မူလတန်းကျောင်းအုပ်က နဲနဲ ဥပမာ ရေးတို့လိုမျိုး ကျိုက်မရောတို့လိုမျိုး ဟိုး အစွန်တွေမှာကျတော့ မူလတန်းကျောင်းအုပ်က မပြည်သေးဘူး အဲဒါက ၃၆ ဦး လစ်လပ်နေတယ်၊ မူလတန်းပြဘဲ လိုအပ်ချက်ရှိတယ်၊ လက်ရှိအနေအထားအရ မူလတန်းပြ ၉၀၃ ဦး လစ်လပ်နေတယ်” ဟု ဟု ဦးမျိုးတင်အောင်က ပြောသည်။

အစိုးရအနေဖြင့် ယခုနှစ် ပညာသစ်နှစ်အတွက် နေ့စားလပေးမူလတန်းပြကျောင်းဆရာ/ဆရာမများ ခန့်ပေးနိုင်သည့် အနေအထားမရှိဘဲ လာမည့်ပညာသစ်နှစ်မှသာ အပြည့်အဝခန့်ထားပေးနိုင်မည်ဟု ၎င်းက ပြောသည်။

လစ်လပ်နေသည့် ကျောင်းဆရာ၊ ဆရာမများအတွက် ဒီဇင်ဘာလတွင် သင်တန်းဆင်းမည့် မော်လမြိုင်ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးပါက မွန်ပြည်နယ်အတွက် ဆရာ ဆရာမလုံလောက်သွားမည့်အနေအထားရှိသည်ဟုလည်း ပြောသည်။

“တကယ်လို့များ အဲလိုဖြည့်လိုက်မယ်ဆိုရင် ဆရာတို့ဘက်က ဆရာမလုံလောက်သွားပြီးလို့ ပြောလို့ရတယ်၊ ဒါကြောင့် ဒီလစ်လပ်နေတဲ့ ၉၀၃ ဦးကို ပညာရေးကောလိပ်က သင်တန်းဆင်းတွေကို ခန့်မယ်ဆိုရင် ပြည့်တဲ့အနေအထားနီးပါးလောက်တော့ ရသွားမယ်”

လက်ရှိအနေအထားအရ မွန်ပြည်နယ်တွင် မူလတန်းကျောင်းဆရာသာလိုအပ်ပြီး အထက်တန်းပြနှင့် အလယ်တန်းပြ ကျောင်းဆရာ၊ ဆရာမ အပြည့်အဝရှိသည်ဟု ပြည်နယ် ပညာရေးဌာနရုံးမှ သိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်က မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ မူလတန်းကျောင်းများအတွက် နေ့စားလပေးမူလတန်းပြဆရာ/ဆရာမ ၉၆၁ ဦး ခန့်အပ်တာဝန်ပေးခဲ့သည်။

မွန်ပြည်နယ်တွင် အခြေခံပညာအထက်တန်း ၈၈ ကျောင်း၊ အလယ်တန်း ၁၀၇ ကျောင်းနှင့် မူလတန်းကျောင်း ၁၂၄၀ ကျောင်းရှိကာ အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းတို့မှ စုစုပေါင်း ကျောင်းသား ၄ သိန်းနီးပါးရှိသည်ဟု ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.