မော်လမြိုင် ၊ နိုဝင်ဘာ ၂၁

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကို ယာယီရပ် ဆိုင်းတာဟာ နိုင်ငံရေးချဉ်းကပ်မှု ပိုကောင်းမွန်အောင် ဦးတည်တာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ NUCC ကနေ နှုတ်ထွက်စာ တင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဦးအောင်ဆန်းမြင့်က NUCC အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းမှုဟာ နိုင်ငံရေးချဉ်းကပ်မှုနဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ဆုံးဖြတ်တဲ့ ကိစ္စတွေမှာ ပြုပြင်စေချင်တဲ့ သဘောဖြစ်ပြီး တခြားအကြောင်းအရာ မရှိဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ ယာယီရပ်ဆိုင်းတယ်ဆိုတာက ဒီထက်ပိုပြီးတော့မှ နိုင်ငံရေးချဉ်းကပ်မှု ပိုကောင်းမွန်အောင် ကျွန်တော်တို့ ဦးတည်တာပါ။ တခြားအကြောင်းအရာတော့ ဘာမရှိပါဘူး။ ဆိုလိုတာက ကျွန် တော်တို့သွားနေတဲ့ နိုင်ငံရေးချဉ်းကပ်မှုတွေ အများကြီးရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ NUCC စုဖွဲ့မှုတို့ နောက် AFTA ရေးဆွဲရေးတို့ CPA လုပ်ငန်းစဉ်တို့ တခြား ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးဆုံးဖြတ်တာတွေမှာ ဒါတွေအားလုံးကို ကျွန်တော်တို့ ပြုပြင်စေချင်တာပါ။ ဒီလောက်ပါပဲ ကျန်တာ ဘာမှမရှိပါဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် Bottom-up Federalism ကို အခြေခံထားတဲ့ AFTA လို့ ခေါ်တဲ့ ဖက်ဒရယ်အသွင်ကူပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ ရေးဆွဲရေးမှာတော့ ၈၀ ရာခိုင်နှုန်းအထိ ပြီးမြောက်သွားပြီမို့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီ အခြေခံဥပဒေကို KNPP နဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေ ပါတဲ့ အဖွဲ့ ၉ ဖွဲ့ကနေ စတင်ရေးဆွဲနေပြီလို့ အခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကြေညာခဲ့တာပါ။

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလိုမျိုး သက်ရောက်မှုရှိတဲ့ အုပ်ချုပ်ရေးစာ တမ်းအဖြစ် ကျင့်သုံးသွားဖို့ ဖြစ်ပါတယ်။

ဖက်ဒရယ်အသွင်ကူပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေရေးဆွဲရေးဟာ NUCC ရဲ့ လုပ်ငန်း စဉ်တစ်ရပ်ဖြစ်ပြီး အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအလုပ်အဖွဲ့ TCWG ကို ဖွဲ့စည်းထားတာပါ။

TCWG မှာတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေပါတဲ့ အဖွဲ့ ၉ ဖွဲ့က ကိုယ်စားလှယ်တွေလည်း ပါဝင်သလို NUG နဲ့ NUCC က ကိုယ်စားလှယ်တွေလည်း ပါဝင်ပြီး အတူတကွ ရေးဆွဲကြတာ ဖြစ်ပါတယ်။

တစ်ဘက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း NUCC ကနေ အဖွဲ့ဝင်အဖြစ် နုတ်ထွက်တာနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကို ၂၀၂၁ ခုနှစ် မတ်လဆန်းမှာ ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကာလ မူဝါဒပိုင်းဆိုင်ရာ နိုင်ငံရေးဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သလို NUC ကို မူဝါဒအရ အကူအညီတွေ ပေးနိုင်အောင် လုပ်ဆောင်ပေးနေတာပါ။

အဲဒီထဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အပါအဝင် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့အစည်း/ ကောင်စီတွေနဲ့ သပိတ်ကော်မတီတွေလည်း ပါဝင်ပါတယ်။

လက်ရှိမှာတော့ KNPP နဲ့ KNU တို့ NUCC ကနေ ယာယီနုတ်ထွက်ဖို့ စာတင်ထားပြီး ကချင်က KPICT အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ကလည်း ၂၀၂၂ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ်ကနေ ပါဝင်မှုကို ရပ်နားပြီး နုတ်ထွက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU/KNPP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.