ချောင်းဆုံ၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာနေ သက်ကြီးပိုင်း အမျိုးသားတစ်ဦးကို စစ်ကော် မရှင်က ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေနဲ့ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ဟာ ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ကပ်ထားတဲ့ ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းပါ စာရွက်ဆုတ်ဖြဲမှု စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့မှာ ဖမ်းဆီးအမှုဖွင့်ခံလိုက်ရတာပါ။

အဲဒီနောက် စစ်ကော်မရှင်ဟာ ဦးကျော်မြင့်ကို အချိန်နှစ်ပတ်အကြာ ရုံးထုတ်စစ်ဆေးပြီးနောက် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

သူကိုတော့ မော်လမြိုင်ခရိုင်တရားရုံးကနေ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မတွေဖြစ်တဲ့၂၆(က)/၂၄(က) တို့နဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဦးကျော်မြင့်ကို စစ်ကော်မရှင်ဘက်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ ရှိနေပြီး ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးကျော်မြင့်ဟာ စိတ်သိပ်မနှံ့သူလို့ သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း စစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တဲ့ ရန်ကုန်မြို့နေ လူငယ် သုံးဦးကိုလည်း ထောင်ဒဏ် အနှစ် ၅၀ နီးပါး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲ ဆန့်ကျင်သူတွေ တားဆီးဖို့ အထွေထွေရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းမှာ ပြဌာန်းလိုက်ပါတယ်။

အဲဒီဥပဒေ ပြဌာန်းပြီးနောက် နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်မှု စွပ်စွဲချက်တွေနဲ့ အနုပညာရှင်တွေအပါအဝင် လူပေါင်း ၁၀၀ ထက်မနည်း ဖမ်းဆီးအမှုဖွင့်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.