ရန်ကုန်၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းဒေသရှိ လူပေါင်း ၁၂ သန်းဟာ သူတို့ရဲ့ သောက်ရေမှာ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်း အာဆင်းနစ် ပါဝင်နေတာကြောင့် ပြင်းထန်တဲ့ ရေရှည် ကျန်းမာရေး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပို့စ်မောက်တက္ကသိုလ် ဦးဆောင်တဲ့ လေ့လာမှုအတွင်း ရေတွင်းရေကန်ပေါင်း ၁၂၄၀၀၀ နီးပါးရဲ့ အချက်အလက်တွေကို လေ့လာခဲ့ပြီး ၇၁ ရာခိုင်နှုန်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဘေးကင်းတဲ့ သောက်ရေ အဖြစ် သတ်မှတ်ချက်ဆိုင်ရာ အန္တရာယ်ရှိ ပစ္စည်း ပါဝင်မှုသတ်မှတ်ချက်တွေထက် အာဆင်းနစ် ပါဝင်မှု ပိုများလာနေတာ တွေ့ခဲ့ရပါတယ်။

ဒါကြောင့် ၂၀၃၀ ပြည့်နှစ်ရောက်ရင်တောင် မြန်မာနိုင်ငံမှာ အန္တရာယ်ကင်းတဲ့ သောက်သုံးရေ ရရှိရေး ရည်မှန်းချက် ပြည့်ဝနိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

GeoHealth ဂျာနယ်မှာ ဖော်ပြထားတဲ့ အဲဒီ လေ့လာမှုအတွက် ကီလိုမီတာ ၁၇၀ အထိ ကျယ်ဝန်းတဲ့ ဧရာဝတီမြစ်ဝှမ်းဒေသက ရေနမူနာ ၈၁ မျိုးကို ရယူထားပြီး အာဆင်းနစ် အဆိပ် ပါဝင်မှု ရှိ၊မရှိနဲ့ ပါဝင်နေရတဲ့ အကြောင်းရင်းကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်းနစ်ဓာတ် အများအပြားရှိနေတဲ့ မြေပြင်အနေအထားတွေကို ဖော်ထုတ်ရေး ကြိုတင် ဟော်ကိန်းထုတ်စနစ် တစ်ခု တည်ဆောက်ဖို့ အဲဒီ အချက်အလက်တွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ရေတစ်လီတာမှာ အာဆင်းနစ် ပါဝင်မှု ၁၀ မိုက်ကရိုဂရမ်ထက် မပိုရင် အန္တရာယ်ကင်းတဲ့ သောက်ရေအဖြစ် သောက်သုံးနိုင်တယ်လို့ (WHO) က အကြံပြုထားပေမယ့် မြန်မာနိုင်ငံက ရေတွင်းရေကန်တွေမှာ အာဆင်းနစ် ပါဝင်မှုဟာ ရေတစ်လီတာကို ၅၀ မိုက်ကရိုဂရမ်အထိ ပါဝင်နေတာ တွေ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒါကြောင့် နိုင်ငံတွင်း စံသတ်မှတ်ချက်တွေအရ အန္တရာယ်ကင်းတယ်လို့ မှတ်ယူရတဲ့ ရေကို အသုံးပြုနေကြတဲ့ ဒေသခံတွေ တော်တော်များများဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရေရှည် ကျန်းမာရေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ အန္တရာယ်ကင်းတဲ့ သောက်သုံးရေ ရရှိရေး ရည်မှန်းချက်ကို ဒီအခြေအနေက ရှုပ်ထွေးသွားစေပါတယ်။

အာဆင်းနစ် ပါဝင်မှု နည်းနည်းလေးပဲရှိတဲ့ ရေကို အကြာကြီး သောက်သုံး ထိတွေ့မယ်ဆိုရင်တောင် ပြင်းထန်တဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေး ဆိုးရွားလာနိုင်ပါတယ်။

ဧရာဝတီမြစ်ဝှမ်းရဲ့ အလယ်ပိုင်းဒေသတွေမှာ အာဆင်းနစ် သိပ်သည်းဆ အမြင့်မားဆုံး ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ရေစီးဆင်းမှုများတဲ့ တောင်စောင်းလို ဒေသတွေမှာရှိတဲ့ ရေတွင်းရေကန်တွေမှာတော့ အာဆင်းနစ် ပါဝင်မှု လျော့နည်းတာတွေ့ရတယ်လို့လည်း သုတေသီတွေက ပြောပါတယ်။

ဧရာဝတီမြစ်ဝှမ်းဒေသရှိ ရေတွင်းရေကန်တွေ အများကြီးမှာ WHO က သတ်မှတ်ထားတဲ့ အာဆင်းနစ် ပါဝင်မှု ပမာဏထက် ပိုများနေတာကြောင့် ဒေသခံတွေအနေနဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ တဖြည်းဖြည်း ရင်ဆိုင်လာရနိုင်ပါတယ်။

ပို့စ်မောက်တက္ကသိုလ် သဘာဝ ပတ်ဝန်းကျင်နဲ့ သက်ရှိ သိပ္ပံကျောင်းက ဒေါက်တာ မိုဟူးက အန္တရာယ်ရှိတဲ့ နေရာတွေကို ဖော်ထုတ်ပြီး ဒေသခံတွေကို ကာကွယ်ပေးဖို့ ဒေသတစ်ခုလုံး အတိုင်းအတာနဲ့ စစ်ဆေးလေ့လာဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

မကွေးတက္ကသိုလ်က ဒေါက်တာ ခင်ကေခိုင်က ရွာတွေ အများကြီးက အိမ်ထောင်စုတွေဟာ သောက်ရေနဲ့ ချက်ပြုတ်ဖို့ ရေအတွက် တိမ်တဲ့ ရေတွင်းတွေကိုပဲ အားကိုးနေရပါတယ်။ အာဆင်းနစ်က အနံ့အရသာ မရှိသလို မျက်စိနဲ့လည်း မမြင်နိုင်တာကြောင့် အန္တရာယ်ကို သတိမမူမိဘဲ လူတွေ အသုံးပြုနေကြတယ်လို့ ပြောပါတယ်။

Ref: phys.org

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.