မော်လမြိုင် ၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ တောင်ဝိုင်းတောင်ကို ပြည်နယ်စစ်ကော်မရှင် ခွင့်ပြုချက်နဲ့ ဖြိုချပြီး မြို့သစ်စီမံကိန်းမှာ မြေဖို့နေမှုအပေါ် ဒေသခံပြည်သူတွေ ပြင်းပြင်း ထန် ဝေဖန်မှုတွေ ရှိနေပါတယ်။

မွန်ပြည်နယ် စစ်ကော်မရှင်ဟာ တောင်ဝိုင်းတောင်ရဲ့ ဖြိုချမှုကနေ ရရှိလာတဲ့ မြေတွေကို သူတို့ဖော်ဆောင်နေတဲ့ လှိုင်တိုးချဲ့ မြို့သစ်စီမံကိန်းနဲ့ မုဒုံမြို့အနီးက လေဆိပ်သစ် စီမံကိန်းတွေမှာ အသုံးချနေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က စုံစမ်းမှုအရ တောင်ဝိုင်းတောင် ဖြိုချမှုအတွက် ဘတ်ဟိုးလုပ်ငန်းရှင်အဖွဲ့ တစ်ခုကို ပြည်နယ် စစ်ကော်မရှင်က လုပ်ကိုင်ခွင့်ပေးထားပြီး ရရှိလာတဲ့ မြေကြီးတွေကို မော်လမြိုင်ခရိုနီ ဦးမိုးကျော် ဦးဆောင်တဲ့ ကုမ္ပဏီက ပြန်လည်ဝယ်ယူနေတာပါ။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ တောင်ဝိုင်းတောင် ဖြိုချမှုကြောင့် ရေရှည်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာနဲ့ မြေပြိုမှု အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် လက်မခံဘူးလို့ ပြောပါတယ်။

“သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးတာပေါ့။ အနီးအနားနေသူတွေကတော့ အန္တရာယ် ရှိနိုင်တာပေါ့။ ဟိုပြီးခဲ့တဲ့ သုံးနှစ်လေးနှစ်တုန်းက ဆိုလို့ရှိရင် ပြိုတယ်လေ။ အဲဒီသိမ်ကျောင်း ဆိုလို့ရှိရင် ပြိုသွားတာ ကျောင်းတစ်ကျောင်းလုံးပါ ပါသွားတယ်လေ။ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးတာပေါ့။ ဒီမှာ ရေတွေက တစ်နှစ်နဲ့ တစ်နှစ်ကပိုပြီးခမ်းလာတယ်။ တူးတာတော့ လုံးဝ ကျွန်တော်တို့ မကြိုက်ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်ဝိုင်းတောင်ကိုဖြိုချပြီး မြေသားနဲ့ ကျောက်တွေ ထုတ်ယူသယ်ဆောင်နေတာကြောင့် လမ်းတွေ ပျက်စီးတဲ့အပြင် မိုးတွင်းကာလရောက်ရှိပါက မြေပြိုနိုင်တဲ့အတွက် တောင်ခြေအနီးအ နားမှာ နေထိုင်သူတွေအတွက် အန္တရာယ်အလွန်များတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်ဝိုင်းတောင် ဖြိုချမှုကြောင့် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ ရှိနေတာကြောင့် နိုဝင် ဘာ ၂၀ ရက်နေ့က ပြည်နယ် စစ်ကော်မရှင်ရဲ့ ဌာနစုံပါဝင်တဲ့ အဖွဲ့က တောင်မြေတူးမှုကို ဟန်ပြသွားရောက် စစ်ဆေးခဲ့တယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တောင်ဝိုင်းတောင်ဟာ မော်လမြိုင်မြို့ရဲ့ အသက်သွေးကြော တစ်ခုဖြစ်သလို နှစ်စဉ် ဝါဆိုလပြည့်နေ့မှာ ပွဲတော်ကျင်းပကြပြီး တခြားရက်တွေမှာလည်း အနယ်နယ်အရပ်ရပ်က ဘုရားဖူး ပြည်သူတွေ လာရောက်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

မော်လမြိုင်မြို့ မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ မရှိသလောက် ဖြစ်လာကာ တောင်ဖြို မြေတူးခွင့်ပေးတာတွေအပြင် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ ခနောက်စိမ်းလို စက်ရုံတွေကအစ လည်ပတ်ခွင့်ပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.