ပုလော၊ နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်း ပုလောမြို့နယ် သင်္ကန်းတုံးကျေးရွာအနီး တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပလမြို့ကနေ သင်္ကန်းတုံးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေ အလောင်းကို ပြန်မသယ်ဘဲ စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်ထံကနေ MA 1 သေနတ် ၄ လက်၊ MA 3 သေနတ် ၂ လက်အပါအဝင် လက်နက်ခဲယမ်းတချို့ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ရင်း (၇) နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပုလောမြို့နယ် ပလမြို့အနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု ၇၀၀၀ ကျော် စစ်ရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရဲကြသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.