ကိဗ်၊ နိုဝင်ဘာ ၂၀
ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးရေး ယူကရိန်းသို့ ပင်တဂွန် အကြီးတန်းအရာရှိတွေ ရောက်ရှိသွားပြီလို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
အမေရိကန် ကြည်းတပ်ဝန်ကြီး ဒန် ဒရစ်စကိုးလ် ဦးဆောင်တဲ့ အဖွဲ့ဟာ တူရကီက ပြန်လာမယ့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ နိုဝင်ဘာ ၂၀ ရက် ကိဗ်မြို့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ရုရှားတို့က ယူကရိန်းရဲ့ ကြီးကြီးမားမား လိုက်လျော အလျှော့ပေးမှုတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ် အသစ်တစ်ခု ကြိုတင်ပြင်ဆင်ထားကြောင်း နိုဝင်ဘာ ၁၉ ရက်မှာ သတင်းတွေ စတင် ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီ အစီအစဉ်နဲ့ ပတ်သက်လို့ ဝါရှင်တန်ကရော မော်စကိုကပါ တရားဝင် အတည်ပြုထားတာ မရှိသေးပါဘူး။
နိုဝင်ဘာ ၁၉ ရက် စောစောပိုင်းက ယူကရိန်းနိုင်ငံ အနောက်ပိုင်း တာနိုပီးလ်မြို့ကို ရုရှားက ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ၂၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသအရာရှိတွေက ပြောပါတယ်။

ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ်အတွင်း အင်အားအပြည့်အဝသုံးပြီး စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့မှာ တခြား ထိပ်တန်းအရာရှိတွေလည်း ပါဝင်ပြီး ယူကရိန်းအရာရှိတွေနဲ့ တွေ့ဆုံပြီးတော့ စစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် ဘာတလာက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ထွက်ပေါ်လာတဲ့ ဓာတ်ပုံတစ်ပုံမှာ ဒန် ဒရစ်စကိုးလ်နဲ့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ဒန်နီ ရှန်ဟဲလ်တို့ လက်ဆွဲ နှုတ်ဆက်နေတာ မြင်တွေ့ရပါတယ်။
အဲဒီနောက် လူမှုမီဒီယာ X ပေါ်မှာ ရှန်ဟဲလ် ဖော်ပြထားတာက မိမိတို့အနေနဲ့ သမ္မတ ဇီလန်စကီးနဲ့သမ္မတ ဒေါ်နယ်ထရန့်တို့ ရယူထားခဲ့တဲ့ သမိုင်းဝင် ကာကွယ်ရေး သဘောတူညီမှုကို အကောင်အထည်ဖော်ရေး နောက်ထပ် လုပ်ဆောင်ချက်တွေကို အာရုံစိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။
သူက ဒေါ်လာ ၁၀၅ သန်း တန်ဖိုးရှိတဲ့ PATRIOT လေကြောင်း ကာကွယ်ရေးစနစ်အတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ရောင်းချဖို့ သဘောတူပေးတဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။
အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အသစ်အရ ယူကရိန်းအနေနဲ့ နယ်မြေတွေနဲ့ လက်နက် တချို့ကို စွန့်လွှတ်ပေးရဖို့ မျှော်လင့်ရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အမေရိကန်အရာရှိတွေနဲ့ ယူကရိန်းအရာရှိတွေဟာ မြေပြင် စစ်ရေးအခြေအနေကို အဓိက ဆွေးနွေးမယ့်အပြင် အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယူကရိန်းမှာ လက်ရှိ ထိတွေ့မှုတွေရှိနေတဲ့ နေရာသတ်မှတ်ချက်တွေအတိုင်း စစ်ပွဲကို ရပ်တန့်ဖို့ ဇီလန်စကီးနဲ့ ထရန့်တို့ သဘောတူထားပြီး လုံခြုံရေး အာမခံချက်ပေးဖို့လည်း သဘောတူထားပြီး ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ယူကရိန်း အရာရှိ တစ်ဦးက ပြောပါတယ်။
ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နဲ့ ရုရှားက သီးသန့် ဆွေးနွေး စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သတင်းဌာန အများအပြားက ဖော်ပြပါတယ်။
ယူကရိန်းအနေနဲ့ နယ်မြေတွေကို လက်လွှတ်ပေးရမှာ ဖြစ်ပြီး လက်နက် တချို့ကိုလည်း စွန့်လွှတ်ပေးရမှာ ဖြစ်သလို စစ်တပ်အင်အားကိုလည်း လျှော့ချပေးရမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
ဇီလန်စကီးကတော့ ယူကရိန်း နယ်မြေတွေကို ရုရှားဆီ လက်လွှတ်ပေးရမယ့် အရေးကိစ္စကို အကြိမ်ကြိမ် ပယ်ချထားပါတယ်။
Ref:BBC

