နယူးဒေလီ၊ နိုဝင်ဘာ ၁၉
သမ္မတ ဒေါ်နယ် ထရန့်က အခွန်တွေ တိုးမြှင့်ထားပေမယ့် အမေရိကန်သို့ အိန္ဒိယရဲ့ ကုန်စည်တင်ပို့မှုဟာ ၅ လ အတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလမှာ မြင့်တက်လာခဲ့ပြီး စက်တင်ဘာလကထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
ရုရှား ရေနံတွေကို ဝယ်ယူမှုအတွက် ဒဏ်ခတ်တဲ့အနေနဲ့ အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်မှု အပါအဝင် အိန္ဒိယအပေါ် အမေရိကန်က အခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်မှု သြဂုတ်လ ၂၇ ရက်က အသက်ဝင်လာပြီးနောက် အိန္ဒိယရဲ့ အကြီးမားဆုံး ပြည်ပဈေးကွက်သို့ ကုန်တင်ပို့မှု သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။

အမေရိကန်ဆီက ဓာတ်ငွေ့အရည် နှစ်စဉ်တင်သွင်းမှု တိုးမြှင့်ရေး အိန္ဒိယအစိုးရပိုင် ရေနံ လုပ်ငန်းတွေက သဘောတူညီခဲ့ပြီး ဒေါ်နယ် ထရန့်က စိုက်ပျိုးမွေးမြူရေး ထုတ်ကုန် အများကြီးကို အခွန် တိုးမြှင့်မှုကနေ ကင်းလွတ်ခွင့်ပေးခဲ့တာကြောင့် အိန္ဒိယအတွက် အကျိုးရှိနိုင်ပါတယ်။
နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီမှု ညှိနှိုင်းတာတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး သဘောတူညီမှုရဲ့ အဓိက သတ်မှတ်ချက်တွေ အပြီးသတ်နိုင်ခြေ နီးစပ်နေပြီလို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

အပြန်အလှန် ကုန်သွယ်မှုအတွင်း အိန္ဒိယရဲ့ ထိပ်တန်း ဈေးကွက် ၂၀ မှာ ၁၅ ခုသို့ ကုန်တင်ပို့မှု လျော့ကျလာပြီး နှစ်အလိုက် အိန္ဒိယရဲ့ အလုံးစုံ ကုန်တင်ပို့မှုဟာ အောက်တိုဘာလအတွင်း ၁၁ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျသွားချိန်မှာတောင် အမေရိကန်သို့ ကုန်တင်ပို့မှု မြင့်တက်လာတာ ဖြစ်ပါတယ်။
စမတ်ဖုန်းနဲ့ ဆေးဝါး ထုတ်ကုန်တွေလို ကဏ္ဍတွေအပေါ် အခွန် ကင်းလွတ်ပေးမှုကြောင့် စွမ်းဆောင်ရည် ပိုကောင်းလာဖွယ် ရှိတယ်လို့ နယူးဒေလီ အခြေစိုက် တတ်သိပညာရှင်များ အဖွဲ့ GTRI က ပြောပါတယ်။
အောက်တိုဘာမှာ အမေရိကန်သို့ ကုန်တင်ပို့မှု ပြန်မြင့်တက်လာခဲ့ပေမယ့် အိန္ဒိယရဲ့ မေလနဲ့ အောက်တိုဘာလကြား ကုန်တင်ပို့မှု ၂၈ ဒသမ ၄ ရာခိုင်နှုန်း နီးပါး လျှော့ကျခဲ့တယ်လို့ အဲဒီတတ်သိပညာရှင်များအဖွဲ့က ပြောပါတယ်။
ဒါပေမဲ့ လများစွာကြာ မသေချာ မရေရာမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ တဖြည်းဖြည်း လျော့ပါးလာနေပါတယ်။
အိန္ဒိယအတွက် နှစ်စဉ်လိုအပ်တဲ့ ဓာတ်ငွေ့အရည်ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို အမေရိကန်ဆီကနေ အိန္ဒိယအစိုးရပိုင် ရေနံကုမ္ပဏီတွေ တင်သွင်းမယ့် ပထမဆုံးသော အဓိက သဘောတူညီမှု တစ်ရပ် ရရှိထားပြီလို့ နိုဝင်ဘာ ၁၇ ရက်က နယူးဒေလီအစိုးရက ကြေညာပါတယ်။
ထရန့်က အမေရိကန် ရေနံထုတ်ကုန်တွေကို ပိုမို ဝယ်ယူဖို့နဲ့ ရုရှားရေနံတွေအပေါ် မှီခိုနေမှု လျှော့ချရေး အိန္ဒိယကို တိုက်တွန်းထားပါတယ်။
၂၀၂၂ ခုနှစ်က ယူကရိန်း စစ်ပွဲ စတင်ပြီးနောက် မော်စကိုအပေါ် အနောက်တိုင်းက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားချိန်မှာ အိန္ဒိယဟာ ရုရှား ရေနံတွေအတွက် အကြီးမားဆုံး ဈေးကွက်တွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အိန္ဒိယရဲ့ ရုရှား ရေနံဝယ်ယူမှုတန်ဖိုး ဒေါ်လာ ၅၂ ဒသမ ၇ ဘီလီယံအထိ ရှိခဲ့ပြီး သူတို့ရဲ့ စုစုပေါင်းရေနံ ဝယ်ယူမှုရဲ့ ၃၇ ရာခိုင်နှုန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်အထိ ရုရှား ရေနံဝယ်ယူမှု လျှော့ချရေး အိန္ဒိယက သဘောတူထားတယ်လို့ အမေရိကန်က ပြောနေခဲ့တာ ဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင် လာမယ့်လဆန်းပိုင်းမှာ နယူးဒေလီသို့ လာရောက်ပြီး သဘောတူညီမှုတွေနဲ့ စီမံကိန်း အများအပြားကို အပြီးသတ် သဘောတူညီမှု ရယူဖို့ ရှိနေချိန် အိန္ဒိယဟာ စွမ်းအင် တင်သွင်းမှုနဲ့ ပတ်သက်လို့ သံတမန်ရေး ကြိုးတန်းပေါ်မှာ လျှောက်လှမ်းနေရတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref:BBC

