မော်လမြိုင် ၊ နိုဝင်ဘာ ၁၉

စစ်တပ်အာဏာသိမ်းမှုနဲ့အတူ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် စိုးရိမ်ဖွယ်အဆင့်မှာ ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။

နေရပ်စွန့်ခွာသူ များလာတာနဲ့အတူ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် စိုးရိမ်ဖွယ် အမြင့်မားဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး နေ့စဉ် ဖြစ်ပျက်နေတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ နေရာအနှံ့ တိုက်ပွဲ ဖော်ဆောင်မှုတွေကြောင့် အရပ်သားထိခိုက်မှုနဲ့ နေရာအနှံ့အပြား နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလဆန်းပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိသားစု အများအပြားဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာခဲ့ကြရပြီး လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ပိုမိုများပြားလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီထဲမှာတော့ ရခိုင်ပြည်နယ်အတွင်းက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ အာဟာရ ပြည့်ဝမှု ဆိုင်ရာ အခြေအနေတွေက လျင်မြန်စွာ ဆုတ်ယုတ်လာနိုင်ဖွယ် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

UNOCHA ကတော့ လက်ရှိ ၂၀၂၅ ခုနှစ် ကုန်ဆုံးဖို့ နှစ်လလောက်ပင် မကျန်တော့တဲ့အချိန်ထိ ၂၀၂၅ ခုနှစ်ရဲ့ လူသားချင်း စာနာမှု ဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေး အစီအစဉ် HNRP အတွက် ရန်ပုံငွေ ၁၅ ရာခိုင်နှုန်း လောက်သာ ရရှိထားတယ်လို့ အသိပေးထားပါတယ်။

အခုလို ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှုဟာ လိုအပ်နေသူ လူဦးရေ သန်းပေါင်းများစွာတွေကို လူမှုဘဝ ရှင်သန်ရေး အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် အလွန်ခက်ခဲစေတယ်လို့ UNOCHA က သတိပေးထားပါတယ်။

UNOCHA ကတော့ နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ ပြည်တွင်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၆ သန်းအထိ တိုးလာတယ်လို့ ခန့်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.