ဝါရှင်တန်၊ နိုဝင်ဘာ ၁၉
ဆော်ဒီ အာရေးဗီးယား တော်ဝင်မင်းသားရဲ့ နိုဝင်ဘာ ၁၈ ရက် ခရီးစဉ်နဲ့ တစ်ရက်တည်း ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို အိမ်ဖြူတော်သို့ လာရောက်မှာ ဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။
လက်ရှိ ဆော်ဒီအာရေးဗီးယားမှာ ဘောလုံးကစားနေတဲ့ ရော်နယ်ဒိုဟာ တော်ဝင်မင်းသား မိုဟာမက် ဘင်ဆော်လမန်ရဲ့ တရားဝင် ကိုယ်စားလှယ်အဖွဲ့မှာ ဘယ်လိုနေရာက ပါဝင် လိုက်ပါလာသလဲ ဆိုတာကိုတော့ အမေရိကန်အရာရှိတွေက မပြောပါဘူး။

ဒါပေမဲ့ ဆော်ဒီဘောလုံးလိဂ်မှာ သူ့ရဲ့ ကြယ်ပွင့်တစ်ပွင့် ဖြစ်နေတဲ့ အနေအထားကြောင့် တော်ဝင်မင်းသားလက်ထက် နိုင်ငံကို ခေတ်မီဆန်းသစ်ရေး ကြိုးပမ်းမှုရဲ့မျက်နှာစာအဖြစ် ရော်နယ်ဒိုဟာ ရှုမြင်ခံထားရပါတယ်။
ဆော်ဒီခေါင်းဆောင် မင်းသားက ရေနံကရတဲ့ ဝင်ငွေအပေါ် မှီခိုအားကိုးနေရမှုကို လျှော့ချပြီးတော့ အားကစားနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနယ်ပယ်တွေ အပါအဝင် စီးပွားရေး လုပ်ငန်းနယ်ပယ် အမျိုးအစား စုံလင်လာစေရေး ကြိုးပမ်းနေပါတယ်။
ရော်နယ်ဒိုဟာ အမေရိကန်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၂၆ ခုနှစ်နောက်ပိုင်း အမေရိကန်သို့ ခြေမချရသေးဘူးလို့ ယုံကြည်ရပါတယ်။
ကက်သရင်း မာယော်ဂါက ရော်နယ်ဒိုဟာ သူ့ကို လာ့စ်ဗီးဂတ်စ် ဟိုတယ်အခန်းမှာ ၂၀၀၉ ခုနှစ်က မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာတော့ ရော်နယ်ဒိုက ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြီး အဲဒီ စွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။
အဲဒီ စွပ်စွဲချက်ကို သက်သေ မပြနိုင်တာကြောင့် ရော်နယ်ဒိုအနေနဲ့ စွဲချက်တင် ခံရမှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရရှေ့နေတွေက ၂၀၁၉ ခုနှစ်အတွင်း ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် စောစောပိုင်းမှာ ရော်နယ်ဒိုဟာ ဆော်ဒီအာရေးဗီးယားသို့ ပြောင်းရွှေ့လာခဲ့ပြီး ဆော်ဒီပရိုလိဂ်ရဲ့ မျက်နှာ၊ အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
အယ်လ်နာဆာ အသင်းကို တော်ဝင်မင်းသား ဦးစီးတဲ့ နိုင်ငံပိုင် ချမ်းသာကြွယ်ဝမှု ရန်ပုံငွေ PIF အဖွဲ့အစည်းက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
ဘောလုံးသမားတွေကို ထူးခြားတဲ့ လစာပမာဏတွေ ပေးထားတဲ့ လိဂ်တစ်ခုမှာ ရော်နယ်ဒိုရဲ့ ဆော်ဒီမှာ ကစားလို့ရတဲ့ ဝင်ငွေက အံသြစရာ ကောင်းနေပါတယ်။
ရော်နယ်ဒိုဟာ တစ်နှစ်ကို ဒေါ်လာ သန်း ၂၀၀ ရရှိနေပြီး သူ့ရဲ့ တစ်ရက်တာ ဝင်ငွေဟာ ဒေါ်လာ ၅ သိန်းကျော် ရရှိနေတာ ဖြစ်ပါတယ်။
အခုနှစ် ဇွန်လက ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိ နှစ်နှစ်ကြာ သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့တာကြောင့် ဘောလုံးလောကရဲ့ ပထမဆုံးဘီလျံနာ ဖြစ်လာခဲ့ပြီး သူ့ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရှိတယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။
ရော်နယ်ဒိုက တော်ဝင်မင်းသား မိုဟာမက်ကို ကျွန်တော်တို့ရဲ့ သူဌေးလို့ ခေါ်ဝေါ်သုံးနှုန်းကြောင်း သိရပါတယ်။
ဆော်ဒီ တော်ဝင်မင်းသားအား သမ္မတ ထရန့်က ဘဲဥပုံရုံးခန်းမှာ လက်ခံတွေ့ဆုံပြီးနောက် ညစာစားပွဲနဲ့ တည်ခင်းမှာ ဖြစ်ပြီး ရော်နယ်ဒိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။
တက်ရောက်မယ့် ဧည့်သည် စာရင်းနဲ့ ပတ်သက်လို့ အိမ်ဖြူတော်က အခုအချိန်အထိ နှုတ်ဆိတ်နေပေမယ့် ဆော်ဒီနဲ့ စီးပွားရေး အဆက်အသွယ်ရှိတဲ့ အမေရိကန် လူသိထင်ရှား ကုမ္ပဏီတွေရဲ့ အကြီးအကဲတွေ တက်ရောက်မယ်လို့ သိရပါတယ်။
Ref:BBC

