ကျောက်ဖြူ၊ နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အလယ်ရွာသစ်ကျေးရွာနဲ့တောင်ငူကျေးရွာတို့ကို စစ်ကော်မရှင်တပ် လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ နိုဝင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ အလယ်ရွာသစ်ကျေးရွာနဲ့တောင်ငူကျေးရွာတို့ကို လေကြောင်းကနေ အကြောင်းမဲ့ သက်သက်ဗုံးကြဲသွားတာပါ။

စစ်တပ်ဗုံးကြဲမှုကြောင့် တောင်ငူကျေးရွာရှိ အထက်တန်းကျောင်းသူအပါအဝင် အမျိုးသမီး သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အလယ်ရွာသစ်ကျေးရွာကလည်း ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီဗုံးကြဲမှုအတွင်း စာသင်ကျောင်း နှစ်ကျောင်း၊ အရပ်သားနေအိမ် တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AA ကတော့ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူမြို့ရှိ ကျေးရွာတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာကြောင့် လေကြောင်းရန် ပိုမိုသတိထားကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာနဲ့ နွားတင်းကုပ်ကျေးရွာတို့ကို စစ်ကော်မရှင်တပ် လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် အရပ်သားပြည်သူ ငါးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA ကျောက်ဖြူမြို့နယ် ကျောက်ကလေကျေးရွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပုံများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.