တိုကျို၊ နိုဝင်ဘာ ၁၉
ကမ္ဘာ့အကြီးမားဆုံး နျူကလီးယား စက်ရုံတည်ရှိရာ ဂျပန်ဒေသရဲ့ အုပ်ချုပ်ရေးမှူးက စက်ရုံပြန်လည် စတင်လည်ပတ်ရေး အခုသီတင်းပတ် အစောဆုံး ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ ပြည်တွင်းသတင်းတွေက နိုဝင်ဘာ ၁၉ ရက်မှာ ဖော်ပြပါတယ်။
ဖူကူရှီမား နျူကလီးယား ပြဿနာကြောင့် ပိတ်ထားခဲ့ရပြီး ဆယ်စုနှစ် တစ်စုကျော်အကြာမှာ တိုကျို လျှပ်စစ်စွမ်းအင် ကုမ္ပဏီ TEPCO က ကာရှီဝါဇာကီ-ကာရီဝါ စက်ရုံ ပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းမှုကို အုပ်ချုပ်ရေးမှူးက ခွင့်ပြုပေးတော့မှာ ဖြစ်ပါတယ်။

နာအီဂါတာ ဒေသအုပ်ချုပ်ရေးမှူး ဟီဒီယို ဟာနာဇူမီက ကာရှီဝါဇာကီ-ကာရီဝါ စက်ရုံ တစ်စိတ်တစ်ပိုင်း ပြန်လည် လည်ပတ်နိုင်ရေး နိုဝင်ဘာ ၂၁ ရက်မှာ ခွင့်ပြုကြောင်း ကြေညာမှာ ဖြစ်တယ်လို့ Kyodo သတင်းဌာနက ဖော်ပြထားပါတယ်။
ဒေသဆိုင်ရာ အစိုးရအဖွဲ့က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေ အများကြီးကို ကိုးကားပြီး အဲဒီသတင်းကို ဖော်ပြလာတာပါ။
အုပ်ချုပ်ရေးမှူး ဟာနာဇူမီက သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၂ ရက် စတင်မယ့် ဒေသဆိုင်ရာ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်နဲ့ တိုင်ပင်သွားဖို့ ရှိနေပါတယ်။

လွှတ်တော်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရင် အဲဒီ စက်ရုံ ပြန်လည် စတင်ရေး နိုင်ငံတော် အစိုးရရဲ့ ပန်ကြားချက်ကို ဟာနာဇူမီက တုံ့ပြန်သွားဖို့ မျှော်လင့်ထားကြောင်း Nikkei စီးပွားရေး နေ့စဉ်သတင်းမှာ ဖော်ပြထားပါတယ်။
TEPCO က အဲဒီစက်ရုံရဲ့ အဓိက အစိတ်အပိုင်း နှစ်ခု ဖြစ်တဲ့ နံပါတ် ၆ နဲ့ နံပါတ် ၇ ဓာတ်ပေါင်းဖိုတို့ကို ပြန်လည် လည်ပတ်နိုင်ဖို့ စီစဉ်ထားပြီး အဲဒီ ယူနစ် နှစ်ခု ပြန်လည်ပတ် နိုင်ရင် လျှပ်စစ် ၂၇၁၀ မီဂါဝပ် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီ စက်ရုံ တစ်ခုလုံးရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တဲ့ ပမာဏဟာ ၈၂၁၂ မီဂါဝပ် ရှိပါတယ်။
နံပါတ် ၆ ဓာတ်ပေါင်းဖိုမှာ လောင်စာ ဖြည့်တင်းပြီးနောက် TEPCO ရဲ့ စစ်ဆေးမှုတွေ အောက်တိုဘာက ပြီးစီးခဲ့ပါတယ်။
ဓာတ်ပေါင်းဖို လည်ပတ်ဖို့ လိုအပ်တဲ့ အဓိက စနစ်တွေ အသေအချာ လည်ပတ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့လည်း TEPCO က အတည်ပြုထားပါတယ်။
စက်ရုံ ပြန်လည် စတင်နိုင်ရေး ထောက်ခံမှု ရရှိစေဖို့ ဒေသခံတွေကို ဒေါ်လာ ၆၄၄ သန်း ထောက်ပံ့သွားမယ်လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။
Ref:Reuters

